အောက်တိုဘာ ၂၈-၂၀၂၀
ညီသစ်(VOM)
မန္တလေးမြို့ စျေးချိုနာရီစင်ရှေ့မှာ ရခိုင်အရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြတဲ့ ဗကသများအဖွဲ့ချုပ်က ကျောင်းသား ၉ ဦးကို ပုဒ်မ – ၅၀၅(ခ)၊ ပုဒ်မ ၁၉ တို့နဲ့ ချမ်းအေးသာစံမြို့နယ်တရားရုံးက ထောင်ဒဏ် ၁နှစ်နဲ့ ၁လစီ ချမှတ်ခဲ့ပါတယ်။
” ဒီနေ့ ကျောင်းသားတွေအပေါ် စွဲဆိုထားတဲ့ အမှုမှာ အမှု၂ မှု၊ ၇၈၇/၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ၅၀၅(ခ) နဲ့စွဲဆိုထားတဲ့အမှုမှာ အောင်ခိုင်မင်း ၊ ကိုလှထွန်းအောင် ၊ ကိုသက်မောင်မောင်၊ ကိုညီညီမင်းထက်ဝေ ၊ ကိုရဲရင့်အောင် ၊ ကိုသုတညီညီ ၊ ကိုကျော်သီဟရဲကျော် ၊ ကိုစိုးလှနိုင် နဲ့ ကိုမျိုးချစ်ဇော် တို့ (၉) ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပါတယ်။ နောက် အမှုနံပါတ် ၈၀၆/၂၀၂၀ အမှုမှာတော့ တရားခံ (၈) ဦးပေါ့ ကိုအောင်ခိုင်မင်း၊ ကိုသက်မောင်မောင် ၊ ကိုညီညီမင်းထက်ဝေ ၊ ကိုရဲရင့်အောင်၊ ကိုသုတညီညီ ၊ ကိုကျော်သီဟရဲကျော်နဲ့ ကိုစိုးလှနိုင်တို့ အပေါ်ကို ငြိမ်းစုစီပုဒ်မ (၁၉) အရ အလုပ်နဲ့ထောင်ဒဏ် ၁ လစီ ကျခံဖို့ အမိန့်ချမှတ်လိုက်တယ်”လို့ ချမ်းအေးသာစံမြို့နယ်တရားရုံးပြန်ကြားရေးအရာရှိ ဦးကျော်မျိုး၀င်းကပြောပါတယ်။
ဒီနေ့ အမိန့်ချမှတ်လိုက်တဲ့ အမှုတွေဟာ စက်တင်ဘာ ၁၀ရက်နေ့က စျေးချိုနာရီစင်ရှေ့မှာ ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့တဲ့အကြောင်းအရာပေါ် မူတည်ပြီး ငြိမ်းစုစီပုဒ်မ (၁၉) အရ ကြိုတင်အကြောင်းကြားစာ ၄၈ နာရီအတွင်းပေးပို့ခဲ့ခြင်းမရှိတာနဲ့ တပ်မတော်ကြီးလည်းချီလာပြီ ၊ ပြည်သူတွေလည်းသေကုန်ပါပြီ စတဲ့ကြွေးကျော်သံတွေနဲ့ ဆန္ဒပြခဲ့တဲ့အတွက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) အရ စွဲဆိုခဲ့တဲ့ အမှုတွေနဲ့ အခုလိုအမိန့်ချမှတ်လိုက်တာဖြစ်တယ်လို့ ဦးကျော်မျိိုးဝင်းက ပြောပါတယ်။
ဗကသများအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ကိုစိုးလှနိုင်နှင့် ရုံးအဖွဲ့မှူး ကိုကျော်သီဟရဲကျော်တို့ဟာ စုစုပေါင်း ထောင်ဒဏ်(၇)နှစ်နှင့် (၂)လ ချမှတ်ခံထားရပြီး ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုရဲရင့်အောင်မှာ ထောင်ဒဏ် (၂)နှစ်နှင့် (၂)လ ချမှတ်ခံထားရပြီး ဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ်ကနေ သိရပါတယ်။