ပုဂံဒေသမှာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသဆိုင်းဘုတ် ၅ နေရာစိုက်ထူသွားမယ်

အောက်တိုဘာ ၂၉ -၂၀၂၀
မောင်တာရာ(VOM)

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသမှာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသဆိုင်းဘုတ် ၅ နေရာစိုက်ထူသွားမယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)ကနေ သိရပါတယ်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသဆိုင်းဘုတ်တွေ စိုက်ထူသွားမယ့် ၅ နေရာကတော့ ရွှေစည်းခုံဘုရားအနီး၊ ငါးမျက်နှာဘုရားအနီး(ခေမင်္ဂဘုရားစုရှေ့) ၊သရပါဂိတ်ရှေ့ ၊ ဓမ္မရံကြီးဘုရားအနီး၊ မင်းနန်သူရွာ၊ ဆုတောင်းပြည့်အုတ်ကျောင်းအနီးမှာ စိုက်ထူသွားမှာဖြစ်တယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)က ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်ကပြောပါတယ်။

”ကမ္ဘာ့အမွေအနှစ် စာရင်းဖြစ်ဖို့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ အမွေအနှစ်တွေရဲ့ ကမ္ဘာ့အဆင့် စံတန်းဖိုးတွေနဲကိုက်ညီဖို့ လိုတာကိုး ၊အဲ့ဒါတွေနဲ့ကိုက်ညီတဲ့ အမွေအနှစ် ဖြစ်မှလည်း ကမ္ဘာ့အမွေအနှစ်ကော်မတီက ဒီဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းတာပေါ့။ ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းခံရတဲ့ နိုင်ငံတိုင်းမှာရှိတဲ့ အမွေအနှစ်တွေရဲ့ ဆိုက်တွေမှာတော့ ဒီ logo တွေက စိုက်ထူကြတာပဲလေ၊ ပုဂံက ၂၀၁၉ ကတည်းက ကမ္ဘာ့အမွေအနှစ်ရပြီး ခုချိန်ထိ မစိုက်ထူရသေးတော့ ကျွန်တော်တို့ စိုက်ဖို့လုပ်တာပါ”လို့ ဒေါက်တာသန်းထိုက်ကပြောပါတယ်။

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၆)ရက်နေ့က ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသအဖြစ် သတ်မှတ်ခံခဲ့ရပြီး ကမ္ဘာ့အမွေအနှစ်ဒေသဖြစ်တာနဲ့ လျော်ညီစွာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသဆိုင်းဘုတ်(Logo)စိုက်ထူနိုင်ရေးအတွက် မြေနေရာ ရှာဖွေခြင်းတွေကို ညောင်ဦးခရိုင်စီမံခန့်ခွဲမှုကော်မတီက ဖွဲ့စည်းပေးတဲ့အဖွဲ့၊ ဒေသခံ မန္တလေးတိုင်း ယဉ်ကျေးမှုအမွေအနှစ်တွေ ကာကွယ်ထိန်းသိမ်းရေးကော်မတီဝင် (၈)ဦးတို့နဲ့ကွင်းဆင်းစိစစ်ပြီး မြေနေရာ(၇)နေရာကို ရွေးချယ်လျာထားခဲ့တာဖြစ်ပါတယ်။

ရွေးချယ်ထားတဲ့ မြေနေရာ (၇)နေရာကို သြဂုတ်လ ၆ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ မန္တလေးတိုင်း ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ မြေနေရာအတည်ပြုပေးဖို့ တင်ပြခဲ့ရာ အဲ့ဒီနေရာတွေကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

”ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသဆိုင်းဘုတ် စိုက်ထူတာကို အလှူရှင်နဲ့လုပ်တာဖြစ်ပါတယ်။ logo ကတော့ လက်ရှိ နောက်ဆုံးဖိုင်နယ် ဒီဇိုင်းတော့ ရပြီပေါ့နော်၊ အလှူရှင်ဘက်ရော ဆွဲတဲ့ ဒီဇိုင်းတွေရှိတယ် ၊ ဒါနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ကော်မတီအဆင့်ဆင့်ရော ဒေသလူအဖွဲ့အစည်း အကုန်လုံးကို ဒါလေးနဲ့ပတ်သက်ပြီး စဉ်းစားဝေဖန်အကြံပြုဖို့ ပြောထားပါတယ်။ ဒါတွေအားလုံးပြီးသွားရင် စိုက်ထူသွားမှာပါ”လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ)က ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက် ကပြောပါတယ်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသဆိုင်းဘုတ်စိုက်ထူရာမှာ အောက်ခြေခံမယ့် အုတ်ကို ပေအုတ်နဲ့ပြုလုပ်ပြီး သဲကျောက်နဲ့ စိုက်ထူဖို့ လျာထားသလို လက်ရှိမှာ ဆိုင်းဘုတ်ဒီဇိုင်းတွေ ရေးဆွဲပြီဖြစ်တဲ့အတွက် အားလုံးသဘောတူညီမှုရရှိပါက နိုဝင်ဘာလဆန်းပိုင်းမှာ စတင်စိုက်ထူသွားမယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပုဂံ #ကမ္ဘာ့အမွေအနှစ်ဆိုင်းဘုတ်

Related posts

Leave a Comment

VOM News

FREE
VIEW