သထုံမြို့မှာ ကြိုတင်မဲလက်မှတ်တွေကို စာအိတ်အတွင်းမထည့်ဘဲ မဲပုံးထဲကို တိုက်ရိုက်ထည့်တာတွေရှိနေ

အောက်တိုဘာ ၃၀-၂၀၂၀
ကောင်းလက်ျာ(VOM)

သထုံမြို့၊ ကြက်တူရွေးသောင်ကျေးရွာအုပ်စု၊ ဝါးခုတ်တောမဲရုံမှာ အောက်တိုဘာ၂၉ ရက်နေ့က ကြိုတင်ဆန္ဒမဲပေးခဲ့ကြရာမှာ ကြိုတင်မဲလက်မှတ်တွေကို စာအိတ်ထဲမထည့်ဘဲ မဲပုံးထဲကို တိုက်ရိုက်ထည့်‌နေတယ်လို့ သထုံမြို့နယ် ပြည်ခိုင်ဖြိုး(USDP)ပါတီကနေ သိရပါတယ်။

ကျေးရွာရှိ အသက် ၆၀နဲ့အထက် မဲဆန္ဒရှင်တွေ ဝါးခုတ်တောမဲရုံကိုလာရောက်ပြီး ဆန္ဒမဲပေးရာမှာ ကြိုတင်မဲလက်မှတ်တွေကို စာအိတ်မပေးဘဲ ကျေးရွာကော်မရှင်က ထုတ်ပေးခဲ့တာဖြစ်ပြီး မဲပေးသူတွေက ချိတ်ပိတ်ထားတဲ့ မဲပုံးထဲကို စာအိတ်မပါဘဲ ထည့်သွင်းခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

” သတင်းရလို့ ကျွန်တော်ကိုယ်တိုင်လိုက်သွားတဲ့အခါ ကော်မရှင်က နေအိမ်ကိုလိုက်ထည့်ခိုင်းမှ စာအိတ်ပေးမယ်လို့ပြောတယ်။ ဒါကြောင့် မြို့နယ်ကော်မရှင်ကို အသိပေးခဲ့တာပါ။ မဲပြန်‌ပေးမလား။ ဒီအတိုင်းထားမလားဆိုတာ စောင့်ကြည့်နေပါတယ်”လို့ သထုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်‌ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ စောမျိုးမင်းဌေးကပြောပါတယ်။

စာအိတ်ကို‌မပေးမိကြောင်းနဲ့ကြိုတင်မဲလက်မှတ်တွေကို မဲပုံးထဲကို တိုက်ရိုက်ထည့်ခိုင်းမိတယ်လို့ ပြောဆိုဝန်ခံခဲ့ပြီး ပထမဦဆုံးအတွေ့ကြုံအရ မှားယွင်းနိုင်တယ်လို့ယူဆကြောင်း သထုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဒေါ်ခင်သန်းနွဲ့က ပြောပါတယ်။

” ဌာနဆိုင်ရာတွေ ကော်မရှင်တာဝန်ရှိသူတွေ ဒီကနေ့အစည်းအဝေးဆုံးဖြတ်ချက်အရ
မဲပုံးထဲက စာအိတ်မပါသော်လည်း ခိုင်လုံမဲ မဟုတ်ဘူးယူဆတဲ့အချက်အလက်ပါမှ ပယ်မဲသတ်မှတ်မယ်။ ခိုင်လုံမဲသေချာရင် စာအိတ်မပါသော်လည်း ခိုင်လုံမဲအဖြစ် ထည့်တွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်”လို့ ဒေါ်ခင်သန်းနွဲ့က ပြောပါတယ်။

ကြိုတင်မဲစပေးခဲ့ကြတဲ့ အောက်တိုဘာ၂၉ ရက်နေ့က သထုံမြို့နယ် ဝါးခုတ်တောကျေးရွာမဲရုံမှာ လာရောက်မဲပေးခဲ့ကြတယ့် အသက် ၆၀နဲ့အထက် မဲဆန္ဒရှင်ပေါင်း (၁၀၀) ကျော်ရှိတဲ့အထဲက မဲဆန္ဒရှင် ၉၀ ကျော်ဟာ စာအိတ်မပါဘဲ မဲပုံးထဲကို တိုက်ရိုက်ထည့်ခဲ့ကြတာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

သထုံမြို့နယ်အတွင်းမှာ တပ်မဲရုံအပါအဝင် မဲရုံပေါင်း (၉၀) ကျော်ဖွင့်လှစ်သွားမှာဖြစ်ပြီး အသက် ၆၀နဲ့အထက် ကြိုတင်မဲပေးနိုင်သူ (၂၆၃၈၃) ဦးရှိကာ ကြိုတင်မဲပေးပိုင်ခွင့်ရှိသူတွေဟာ အောက်တိုဘာ ၂၉ ရက်နေ့ကနေ နိုဝင်ဘာလ ၅ ရက်နေ့အထိ မဲပေးနိုင်မှာဖြစ်တယ်လို့ သထုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်ကနေ သိရပါတယ်။

#voiceofmyanmar #VOM #သထုံ #ကြိုတင်မဲ #စာအိတ်မပိတ် #မဲပုံးထဲထည့်

Related posts

Leave a Comment

VOM News

FREE
VIEW