သန်လျင်သဘာဝရိပ်သာမှာ ကိုဗစ်ပိုးတွေ့ရှိသူ ၂၆၀ ကျော်ထိရှိလာတဲ့အတွက် Semi Lockdownချထားရ

နိုဝင်ဘာ ၂-၂၀၂၀
သိင်္ဂီထွန်း(VOM)

သန်လျင်သဘာဝတရားရိပ်သာမှာ ကိုဗစ်ပိုးတွေ့လူနာ (၂၆၂) ဦးအထိ ရှိလာနေတဲ့အတွက် ရိပ်သာကို ဒီကနေ့ နိုဝင်ဘာ ၂ရက်နေ့ကစပြီး Semi Lockdown ချထားတဲ့အပြင် မလိုအပ်တဲ့သူတွေကို ဝင်ထွက်ခွင့်ထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

ကိုဗစ်ကူးစက်ခံရတဲ့ လူနာ ၂၆၀ ကျော်ထဲက ကျန်းမာရေးဦးစီးဌာနကနေ လူနာ ၁၅၀ ကိုသာ ခေါ်ဆောင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးထားနိုင်တယ်လို့ သန်လျင်သဘာဝရိပ်သာမှ ရုံးအဖွဲ့မှူး ဦးနန္ဒဝင်းကပြောပါတယ်။

“ ဒီနေ့ကစပြီးတော့ semi lockdown စနစ်နဲ့စသွားနေတယ်။semi lockdown ဆိုတာက အပြင်ကို လုံးဝမထွက်ရတဲ့အခြေအနေမဟုတ်ဘူး။ အုပ်ချုုပ်ရေးနဲ့ ဝေယျာဝစ္စအဖွဲ့တွေကတော့ ကန့်သတ်ချက်နဲ့ register လုပ်ပြီးတော့ မဖြစ်မနေသွားရတဲ့သူတွေကိုတော့ ပင်တိုင်ပေါ့၊ အပြင်စည်း အတွင်းစည်းခွဲလိုက်တဲ့သဘောမျိုးပေါ့။ မလိုအပ်တဲ့သူတွေကို ဝင်ထွက် သွားလာခွင့်ထိန်းချုပ်ထားတယ်။ ပိုးတွေ့လူနာတွေထဲက ၁၅၀ က ကွာရန်တင်းစင်တာတွေကနေ ခေါ်သွားတာဆိုတော့ သူတို့ စောင့်ရှောက်ထားတယ်။ နောက်ထပ်တွေ့တဲ့ သူတွေကတော့ တိုင်းကျန်းမာရေးအဖွဲ့က သူတို့ဘက်ကနေ ဒီလောက်များပြားတဲ့အရေအတွက်ကို တာဝန်ယူပေးဖို့အဆင်မပြေတဲ့အခါကျတော့ လောလောဆယ်တော့ ရိပ်သာတွေထဲမှာပဲ နေရာလွှတ်သွားတဲ့နေရာထဲမှာ ရွှေ့ပြောင်းထားတဲ့ပုံစံလုပ်နေတယ်။ ၁၁၂ ဦးကတော့ ရိပ်သားထဲမှာပဲ ကွာရန်တင်းပုံစံထားရမယ့်သဘောဖြစ်နေတယ်။ကျန်းမာရေးဝန်ထမ်းတွေလည်း လက်ပန်းကျနေကြပြီ။ ဒီအခြေအနေမှာ ကျနော်တို့လည်း အဆင်မပြေဘူး။ အခက်အခဲရှိတယ်”လို့ ဦးနန္ဒဝင်းကပြောပါတယ်။

အခုလက်ရှိ သန်လျင်သဘာဝရိပ်သာမှာ ဝန်ဆောင်မှုပေးနေတဲ့အင်အားက ၂၀ ရာခိုင်နှုန်းသာရှိပြီး ဝန်ဆောင်မှုပေးဖို့ လိုအပ်သူက ၈၀ ရာခိုင်နှုန်းလောက်ရှိတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် ခုလို ကိုဗစ်ကာလမှာ သန်လျင်သဘာဝရိပ်သာကိုလာရောက်ပြီး ဘိုးဘွားတွေအတွက် ဝေယျာဝစ္စတွေကို ရိပ်သာက တာဝန်ရှိသူတွေနဲ့အတူတွဲပြီး စွန့်စားလုပ်ဆောင်ပေးမယ့် ဘော်လန်တီယာတွေ ရှိစေချင်တယ်လို့ ဦးနန္ဒဝင်းက ဆက်ပြောပါတယ်။

သန်လျင်သဘာဝရိပ်သာမှာနေထိုင်တဲ့ ဘိုး၊ဘွားတွေရဲ့ ဝေယျာဝစ္စလုပ်ကိုင်ပေးသူ နဲ့ အနီးအနားကျေးရွာကနေ ဝေယျာဝစ္စလာရောက်လုပ်ကိုင်ပေးသူအပါအဝင် စုစုပေါင်း ၄၀၀၀ ကျော်ရှိနေပြီး အဲ့ဒီထဲကမှ လူပေါင်း (၁၂၀၉)ဦးကိုသာ ကိုဗစ်ပိုးရှိမရှိ စစ်ဆေးပေးထားတာဖြစ်တဲ့အတွက် စစ်ဆေးမှုအရ ၂၆၂ ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိထားတာပဲဖြစ်ပါတယ်။

လက်ရှိမှာ သန်လျင်သဘာဝရိပ်သာကို Semi Lockdown ပြုလုပ်ထားပေမယ့် အလှူရှင်တွေနဲ့ ၊ ဧည့်သည်တွေကိုတော့ ဘေးကင်းလုံခြုံအောင် စီစဉ်ဆောင်ရွက်ပြီး ဝင်ထွက်ခွင့် လုပ်ပေးထားတယ်လို့ သိရပါတယ်။

Photo-Nanda win
#voiceofmyanmar #VOM #ရန်ကုန် #သန်လျင်သဘာဝရိပ်သာ #ကိုဗစ်ပိုးတွေ့မှုများ #SemiLockdownချထား

Related posts

Leave a Comment

VOM News

FREE
VIEW