အလုပ်သမားဥပဒေသစ် ပြဌာန်းလိုက်တာကြောင့် အင်ဒိုနီးရှားမှာ လူထောင်ပေါင်းများစွာ ဆန္ဒပြနေ

ဂျကာတာ၊ နိုဝင်ဘာ-၂-၂၀၂၀
မျိုးဆက်(VOM)

အင်ဒိုနီးရှားနိုင်ငံမှာ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ နည်းပါးသွားပြီး သဘာဝပတ်ဝန်းကျင်အပေါ် အကာအကွယ်ပေးမှုတွေ အားနည်းသွားစေတယ်လို့ ဝေဖန်သူတွေကဆိုကြတဲ့ အလုပ်သမားဥပဒေသစ်အပေါ် ထောင်ပေါင်းများစွာသော အလုပ်သမားတွေက နိုဝင်ဘာ ၂ ရက်မှာ ဆန္ဒပြမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

အနောက်ဂျာဗားနဲ့ အရှေ့ဂျာဗားပြည်နယ်တွေက အလုပ်သမားသမဂ္ဂ ၃၂ ခုကို ကိုယ်စားပြုတဲ့ ထောင်ပေါင်းများစွာသော အလုပ်သမားတွေဟာ ဂျကာတာရှိ သမ္မတနန်းတော်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအနီးတို့မှာ အကြီးအကျယ် ဆန္ဒပြနေကြတယ်လို့ အင်ဒိုနီးရှား ကုန်သွယ်ရေးသမဂ္ဂများအဖွဲ့ချုပ်ကပြောပါတယ်။

ဆန္ဒပြမှုတွေဟာ ယိုဂျာကာတာ၊ ဘန်ဒါအာချေး၊ မီဒန်နဲ့ မာကာဆာအပါအဝင် နိုင်ငံအတွင်းရှိ အခြားဒေသတွေမှာလည်း ဖြစ်ပွားနေပါတယ်။ ဆန္ဒပြသူတွေဟာ လုပ်အကိုင်ဖန်တီးရေး ဥပဒေကို ပယ်ဖျက်ပေးဖို့နဲ့ ၂၀၂၁ ခုနှစ်မှာ အခြေခံလုပ်ခလစာ တိုးမြင့်ရေးတို့ကို တောင်းဆိုနေကြတယ်လို့ ကုန်သွယ်ရေးသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ Said Iqbal ကပြောပါတယ်။

အလုပ်သမားသမဂ္ဂတွေဟာလည်း အလုပ်သမားဥပဒေသစ်ကို ပြန်လည်စစ်ဆေးသုံးသပ်ပေးဖို့ ဖွဲ့စည်းပုံအခြေခံဥပေဒဆိုင်ရာ တရားရုံးကို တောင်းဆိုသွားမယ်လို့ သူကဆိုပါတယ်။

အောက်တိုဘာ ၅ ရက်မှာ ပါလီမန်က အတည်ပြုလိုက်တဲ့ အလုပ်အကိုင်ဖန်တီးရေးဥပဒေဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ အလုပ်သမားစနစ်နဲ့ သဘာဝသယံဇာတ စီမံခန့်ခွဲမှုတွေကို များစွာပြောင်းလဲမယ်လို့ မျှော်လင့်ရပါတယ်။

ဥပဒေပြောင်းလဲပြင်ဆင်မှုဟာ နိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှုတိုးပွားစေလို့ သမ္မတဂျိုကိုဝီဒိုဒိုရဲ့အင်ဒိုနီးရှားအစိုးရရဲ့ အားထုတ်မှုတစ်စိတ်တစ်ဒေသအဖြစ် ဗြူရိုကရေစီယန္တရားရဲ့ စွမ်းဆောင်ရည်ကို တိုးတက်စေဖို့ ရည်ရွယ်ထားပြီး ဥပဒေကြောင့် အလုပ်သမားတွေအတွက် လစာလျှော့တာတွေ၊ ပြည်ပအလုပ်သမားတွေအပေါ် ကန့်သတ်ချက်တာတွေကို ဖယ်ရှားထားတဲ့အတွက် သူတို့အတွက် များစွာထိခိုက်နစ်နာတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

Ref : CNA
Photo:AP
#voiceofmyanmar #VOM #ဂျကာတာ

Related posts

Leave a Comment

VOM News

FREE
VIEW