ပြည်မြို့နယ်ထဲက ကျေးရွာတချို့ကို ဒီကနေ့မှာပဲ ကြိုတင်မဲ စတင်ကောက်ယူ

နိုဝင်ဘာ ၃-၂၀၂၀
သိင်္ဂီထွန်း (VOM )

အသက် ၆၀နဲ့အထက် ကြိုတင်မဲတွေကို အောက်တိုဘာ ၂၉ ရက်နေ့ကစပြီး ကြိုတင်ဆန္ဒမဲတွေ ပေးနေရပေမယ့် ပြည်ခရိုင်၊ ပြည်မြို့နယ်ထဲက ကျေးရွာတစ်ချို့မှာတော့ ဒီကနေန့နိုဝင်ဘာ ၃ ရက်နေ့မှာမှ ကြိုတင်မဲတွေ ကောက်ယူမှု ပြုလုပ်နေကြပါတယ်။

ကျေးရွာတွေမှာရှိတဲ့ ကြိုတင်မဲပေးကြမယ့် အသက် ၆၀နဲ့အထက် သက်ကြီးရွယ်အို အရေအတွက် အနည်းအများပေါ်မူတည်ပြီး လုပ်ဆောင်နေတာဖြစ်တဲ့အတွက် လူဦးရေနည်းတဲ့ရွာတွေကိုတော့ အခုရက်ပိုင်းမှ စတင်လုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။

“ဒီကို ဒီနေ့ချိန်းထားလို့ မဲလာကောက်တာပေါ့။ ကျန်တဲ့ရွာတွေမှာလည်း ကြိုတင်မဲတွေကောက်နေဆဲဖြစ်တယ်။ မဲပေးတဲ့အခါ မလုပ်တတ်တဲ့ အဖိုးအဖွားတွေကို ကော်မရှင်ကနေ တာဝန်ယူပြီးတော့လုပ်ပေးတယ်။ စောင့်ကြည့်တွေကိုတော့ မလုပ်ခိုင်းဘူး။ အခုကြိုတင်မဲပေးထားမယ့် မဲပုံးတွေကို ရပ်ကွက်ဥက္ကဋ္ဌအိမ်မှာ ထိန်းသိမ်းထားမှာဖြစ်ပါတယ်။လက်ရှိ ကြိုတင်မဲမှာ ၃ ပေအကွာနဲ့ စီစဉ်ထားတယ်”လို့ တွင်းဗြည်းကျေးရွာအုပ်စုက ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းနိုင်ကပြောပါတယ်။

ကိုဗစ်ကာလဖြစ်တာကြောင့် ကြိုတင်မဲပေးကြမယ့် မဲရုံဝင်ပေါက်မှာ လက်ဆေးဖို့အတွက် မဲရုံက တာဝန်ရှိသူတစ်ဦးက လက်သန့်ဆေး ထည့်ပေးနေပြီး ၊ နှာခေါင်းစည်းမပါတဲ့သူတွေကိုလည်း မက်စ် တွေ ပေးဝေနေတဲ့အပြင် မဲရုံအတွင်းမှာ မက်စ်ကို မချွတ်ဘဲ တပ်ဆင်ထားဖို့ နဲ့ အဆင်မပြေမှု အခက်အခဲတွေရှိခဲ့ပါက မဲရုံတာဝန်ရှိသူတွေကို အကူအညီတောင်းဖို့ မေးမြန်းနိုင်တဲ့အကြောင်းကိုလည်း အသိပေးတာတွေရှိပါတယ်။

ကြိုတင်ဆန္ဒမဲလာရောက်ပေးခဲ့တဲ့ ကြိုရသာရွာမှ ဦးတင်ထွန်းကတော့ “ ဒီနေ့ကြိုတင်မဲပေးရမယ်ဆိုတာသိလို့ လာပေးတယ်။ အထဲမှာ မဲပေးတော့ အားလုံးအဆင်ပြေပါတယ်။ အားလုံးက သန့်သန့်ရှင်းရှင်းပါပဲ။ ဒီနေ့မှာ ဘာကြောင့်မဲလာပေးသလဲဆိုရင် နိုင်ငံတော်အတွက် မဲတစ်မဲ ရရှိအောင် ၊ မဆုံးရှုံးအောင် လာပေးတာဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဆန္ဒမဲပေးသူတွေထဲမှာ အသက် ၆၀ အထက်ဘိုးဘွားတွေပါဝင်သလို ၊ ရွေးကောက်ပွဲနေ့မှာ မဲရုံကိစ္စတာဝန်ထမ်းဆောင်မယ့် သူတွေလည်း ရှိနေပြီး အသက်အရွယ်ကြိးတဲ့ မဲဆန္ဒရှင်တွေကတော့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေရဲ့ အကူအညီကိုတောင်းခံကာ ဆန္ဒမဲပေးနေတာတွေလည်း ရှိပါတယ်။

ဒါ့အပြင် အိမ်တိုင်ရာရောက် ကြိုတင်မဲတွေကောက်ခံရာမှာလည်း မဲဆန္ဒရှင်အပါအဝင် မိသားစုရဲ့ဆန္ဒအရ ကော်မရှင်အဖွဲ့ဝင်တွေကနေ တံဆိပ်တုံးထုပေးရတာတွေလည်း ရှိခဲ့ပါတယ်။

ကျန်းမာရေးကောင်းတဲ့သူတွေကို မနက်ပိုင်းမှာ မဲရုံကို လာရောက်မဲပေးစေပြီး နေ့လည်ပိုင်းမှာတော့ ကျန်းမာရေးအရ မဲရုံကို မဲလာပေးနိုင်ခြင်းမရှိတဲ့ အဘိုး၊အဘွားတွေကို အိမ်ကိုလာရောက်ပြီး နိုင်ငံရေးပါတီက လေ့လာစောင့်ကြည့်သူတွေ၊ မဲရုံတာဝန်ရှိသူတွေ၊ ကော်မရှင်အဖွဲ့ဝင်တွေက ဆန္ဒမဲတွေကို လိုက်လံကောက်ယူခဲ့ကြတာလည်း ဖြစ်ပါတယ်။

မဲဆန္ဒရှင်တွေအနေနဲ့ ဆန္ဒမဲပေးတာကို လျှို့ဝှက်ဆန္ဒပြုခန်းထဲမှာသာ မိမိဘာသာ ပေးရမှာဖြစ်ပေမယ့် ကျေးရွာတွေမှာတော့ မဲပေးခြင်းဆိုင်ရာနဲ့ပတ်သက်ပြီး သိရှိမှုအားနည်းတာကြောင့် မဲပေးတဲ့အခါမှာ တံဆိပ်နှိပ်ဖို့ခက်ခဲခြင်း၊ မိမိပေးချင်တဲ့ ပါတီမဟုတ်ဘဲ တခြားပါတီအပေါ် တံဆိပ်ထုမိသွားမှာကို စိုးရိမ်ခြင်း ၊ မဲပေးဖို့အတွက်သာ စိတ်အားထက်သန်နေကာ မဲပေးခြင်းအတွက် မလုပ်ဆောင်တတ်တဲ့ အခက်အခဲတွေဟာ သက်ကြီးရွယ်အိုတွေ အများစုမှာကြုံတွေ့နေရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပြည် #ကြိုတင်ဆန္ဒမဲ

Related posts

Leave a Comment

VOM News

FREE
VIEW