မန္တလေးက နေရာ ၅ ခုမှာ စတစ်ကာကမ်ပိန်းလုပ်ခဲ့တဲ့ အမျိုးသားရေးသမားတွေကို တရားစွဲဆိုမယ်လို့ သိရ

နိုဝင်ဘာ ၃-၂၀၂၀
Voice Of Myanmar

မန္တလေးမြိုမှာ ဒီကနေ့မနက်ပိုင်း လူစည်းကားရာမီးပွိုင့် ၅ နေရာမှာ အမျိုးသားရေးသမားတွေစုပေါင်းပြီး ‘အမျိုးဘာသာ သာသနာ စောင့်ရှောက်သူကို မဲပေးကြမည်’စာတန်းပါတဲ့ စတစ်ကာကမ်ပိန်း ဦးဆောင်သူတွေကို ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ တစ်ခုခုနဲ့ တရားစွဲဆိုအရေးယူဖို့ရှိနေတယ်လို့ ခိုင်လုံတဲ့ ရဲတပ်ဖွဲ့အသိုင်းကနေ သိရပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ခေါ်ဆောင်ခြင်းကို ခံခဲ့ရတဲ့ တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝိတ်ကို ဆက်သွယ်မေးမြန်းရာမှာတော့ ” ကျွန်တော်တို့က ဥပဒေနဲ့အညီလုပ်တာ၊ သူတို့စွဲရင် ၅၈(ဂ)ပေါ့ဗျာ၊ ရွေးကောက်ပွဲကို နှောင့်ယှက်တာ၊ မဲမပေးဖို့လုပ်တာ၊ ဘာသာရေးကိုအသုံးချတာ ၊ အဲ့ဒါ ပါတီတွေကို ပြောတဲ့ပုဒ်မ ၊ ကျွန်တော်တို့က မဲပေးဖို့အတွက် လှုံ့ဆော်တာ ဒါက နိုင်ငံသားတိုင်းတစ်ယောက်ရဲ့တာဝန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခန်း-၁၈မှာပါပြီးသားပါ၊ ကျွန်တော်တို့က သဘာဝဘေးအန္တရယ်နဲ့အညီလုပ်တာ၊ NO VOTEကိုလုပ်တာမဟုတ်ဘူး မဲပေးဖို့လုပ်တာ၊ အမျိုးဘာသာ သာသနာစိတ်ကို လူတွေဝင်သွားပြီး မဲပေးကြအောင်လှုံဆော်တာပါ”လို့ VOMကိုပြောပါတယ်။

စတစ်ကာကမ်ပိန်းပြုလုပ်သူတွေကို သက်ဆိုင်ရာ အောင်မြေသာစံမြို့နယ်နဲ့ ချမ်းအေးသာစံမြို့နယ်ရဲစခန်းအချို့မှာ အမှုဖွင့်အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

‘အမျိုးဘာသာ သာသနာ စောင့်ရှောက်သူကို မဲပေးကြမည်’စာတန်းပါတဲ့ စတစ်ကာတွေကို အမျိုးသားရေးသမားများက လမ်းသွားလမ်းလာတွေဝေခဲ့ပြီး ကမ်ပိန်းပြုလုပ်အပြီးမှာ ရဲတပ်ဖွဲ့ကနေ ခေါ်ဆောင်ထိန်းသိမ်းကာ နာရီပိုင်းအကြာမှာပဲ ခံဝန်ထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး #အမျိုးသားရေးသမားတွေကို #တရားစွဲမယ်

Related posts

Leave a Comment

VOM News

FREE
VIEW