တရုတ်နိုင်ငံမှာ ဘရူဆဲလ်လိုးစစ် ဘက်တီးရီးယားရောဂါ အစုလိုက်အပြုံလိုက် ကူးစက်ခံနေရ

ပေကျင်း၊ နိုဝင်ဘာ-၆-၂၀၂၀
မျိုးဆက် (VOM)

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ကန်းစုပြည်နယ်ရဲ့မြို့တော် လန်ကျိုးက လူ ခြောက်ထောင်ကျော်မှာ ဘရူဆဲလ်လိုးစစ်လို့ခေါ်တဲ့ ဘက်တီးရီးယားရောဂါတစ်မျိုး အစုလိုက်အပြုံလိုက် ကူးစက်ခံနေရပြီး ဒါဟာ လွန်ခဲ့တဲ့တစ်နှစ်ကျော်က ကာကွယ်ဆေးစက်ရုံတစ်ခုကနေ ဗိုင်းရပ်စ်ယိုစိမ့်မှုကြောင့် ဖြစ်ပေါ်လာတာလို့ ဒေသန္တရအစိုးရက ပြောပါတယ်။

အစိုးရဟာ မြို့နေလူထု ၅၅၇၂၅ ဦးကို ကျန်းမာရေးစစ်ဆေးခဲ့ရာ လက်ရှိအချိန်ထိ လူပေါင်း ၆၆၂၀ ဦးမှာ ဘရူဆဲလ်လိုးစစ် ရောဂါကူးစက်ခံနေရတယ်လို့ လန်ကျိုးအစိုးရက သတင်းစာရှင်းလင်းပွဲမှာပြောတယ်လို့ တရုတ်နိုင်ငံပိုင် ဂလိုဘယ်တိုင်းမ်သတင်းဌာနက ဖော်ပြထားပါတယ်။

အဲဒီရောဂါကူးစက်မှုဟာ စက်တင်ဘာ ၁၄ ရက်မှာ ၃၂၄၅ ဦးရှိရာကနေ ခုလိုအများအပြား ကူးစက်မှုတွေ မြင့်တက်လာတာဖြစ်ပါတယ်။

တုပ်ကွေးလို လက္ခဏာတွေရှိတဲ့ ဘရူဆဲလ်လိုးစစ်ရောဂါဟာ တိရိစ္ဆာန်တွေနဲ့ တိုက်ရိုက်ထိတွေ့မှု ၊ ဗိုင်းရပ်စ်ပါတဲ့ တိရိစ္ဆာန်ထုတ်ကုန်တွေကို စားသုံးတာတွေနဲ့ လေထဲကတစ်ဆင့် လူတွေကို ကူးစက်နိုင်တယ်လို့ ကမ္ဘာ့ကျန်မာရေးအဖွဲ့က ထုတ်ပြန်ထားပြီး အချို့သော ရောဂါလက္ခဏာတွေဟာ နာတာရှည်ဖြစ်လာပြီး ဘယ်တော့မှမပျောက်နိုင်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။

လန်ကျိုးအစိုးရရဲ့ စက်တင်ဘာလအတွင်း ထုတ်ပြန်ချက်အရ အဲ့ဒီရောဂါကူးစက်မှုဟာ တရုတ်တိရိစ္ဆာန်မွေးမြူရေးလုပ်ငန်းပိုင် ဇီဝဆေးဝါးထုတ်လုပ်ရေးစက်ရုံတစ်ခုကနေ အစုပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီစက်ရုံဟာ ဘရူဆဲလ်လိုးစစ်ကာကွယ်ဆေးထုတ်လုပ်ဖို့အတွက် ၂၀၁၉ ခုနှစ် ဇူလိုင်ကနေ သြဂုတ်လအတွင်း သက်တမ်းလွန်ပိုးသတ်ဆေးတွေကို အသုံးပြုခဲ့ပြီး ဘက်တီးရီးယားတွေဟာ စွန့်ထုတ်လိုက်တဲ့ လေကတစ်ဆင့်အပြင်ကို ရောက်ရှိသွားတယ်လို့ တရားဝင်စုံစမ်းမှုရလဒ်တွေကို ကိုးကားပြီး ဒေသန္တရအစိုးရက ထုတ်ပြန်ထားပါတယ်။

Ref : CNA
Photo:TOI
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW