မိခင်ကို မကြာခဏဂျီကျနေတဲ့ အကိုရင်းကို ညီအငယ်ဆုံးက ပေါက်တူးရိုးနဲ့ရိုက်သတ်

နိုဝင်ဘာ ၁၄-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၊ ဇီးဖြူသောင်ကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာ လယ်ကွက်ထဲက နေအိမ်တစ်အိမ်မှာ မနေ့နိုဝင်ဘာ ၁၃ရက်နေ့ညပိုင်းက မိခင်ကို မကြာခဏ ဂျီလာကျတဲ့ အကိုရင်းဖြစ်သူကို မကျေနပ်တဲ့ ညီအငယ်ဆုံးက ပေါက်တူးရိုးနဲ့ရိုက်သတ်ခဲ့တယ်လို့ကျေးရွာရာအိမ်မှူး ဦးကြည်လွင်က ပြောပါတယ်။

” မိခင်၊ဖခင်နဲ့ အတူနေတဲ့ အငယ်ဆုံးအိမ်မှာဖြစ်သွားတာပါ။ အမေကို မကြာခဏ လာဂျီကျနေလို့ တားရင်း ရန်ဖြစ်ကြရာက ပေါက်တူးရိုးနဲ့ ရိုက်သတ်ခဲ့တာဖြစ်ပြီး ဆေးရုံမှာ ကုသနေတုန်း ရရှိတဲ့ဒဏ်ရာနဲ့ သေဆုံးသွားတယ်”လို့ ဦးကြည်လွင်က ပြောပါတယ်။

မိခင်ဖြစ်သူကို ဂျီလာကျတဲ့ အကိုအကြီးဆုံးဖြစ်သူ အသက်(၃၈ နှစ်)အရွယ်အမျိုးသားကို နေအိမ်ရှိ ညီအငယ်ဆုံးဖြစ်သူ အသက်(၂၂ နှစ်)အရွယ် အမျိုးသားက ပေါက်တူးရိုးနဲ့ ဦး‌ခေါင်းကိုရိုက်နှက်ရာကနေ ရရှိတဲ့ဒဏ်ရာတွေနဲ့ အုတ်တွင်းဆေးရုံကို ပို့ဆောင်ကုသမှု
ခံယူနေစဉ် သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကနဦးမှာတော့ ရာဇသတ်ကြီးပုဒ်မ ၃၂၆ နဲ့အမှုဖွင့်ထားရာ သေဆုံးသွားတဲ့အတွက် လူသတ်မှုပုဒ်မနဲ့ ပြောင်းဖွင့်ရတယ်။ ပေါက်တူးအရိုးနဲ့ခေါင်းကိုရိုက်ခဲ့တာ”လို့ အုတ်တွင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

လူသတ်မှုနဲ့ပတ်သက်ပြီး ညီအငယ်ဆုံး အသက် ၂၂နှစ်အရွယ် အမျိုးသားကို ကျွဲပွဲနယ်မြေရဲစခန်းမှ (ပ)၁၂၃/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၀၂အရ အမှုဖွင့်စစ်ဆေးနေတယ်လို့ အုတ်တွင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

Photo-ရင်ခုန်သံ
#voiceofmyanmar #VOM #အုတ်တွင်း #လူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW