ပဲခူးတိုင်းအတွင်းက stay home မဟုတ်တဲ့မြို့တွေမှာ စားသောက်ဆိုင်တွေကို ပြန်ဖွင့်ခွင့်ပြုတော့မယ်

နိုဝင်ဘာ ၂၃-၂၀၂၀
သိင်္ဂီထွန်း ( VOM )

ပဲခူးတိုင်းထဲက stay at home သတ်မှတ်ထားခြင်းမရှိတဲ့မြို့တွေမှာ Aအဆင့်ရှိ စားသောက်ဆိုင်နဲ့လက်ဖက်ရည်ဆိုင်တွေကို နိုဝင်ဘာလကုန်ကစပြီး ဖွင့်လှစ်ခွင့်ပြုဖို့ စီစဉ်နေပြီး ပြန်လည်ဖွင့်လှစ်ခွင့်ပြုမယ့် စားသောက်ဆိုင်တွေအထဲမှာ KTV နဲ့ စင်တင် တွေတော့ မပါရှိသေးဘူးလို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပဲခူးတိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ သယံဇာတ၊သစ်တော၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ စောညိုဝင်းက “ခုလက်ရှိက စားသောက်ဆိုင်ပဲဖြစ်တယ်။ KTV လို့မပြောသေးပါဘူး။ အခုလည်း ခွင့်ပြုထားတာမရှိပါဘူး။ အခုထိတော့မပါသေးဘူး။ စင်တင်ကတော့ အဓိက ကျနော်တို့ ပဲခူးတိုင်းဒေသကြီးမှာ စင်တင်နဲ့ပတ်သက်တဲ့ Managementက လုံ/နယ်ဘက်ကပေါ့။ လုံ/နယ်က ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ သက်ဆိုင်ရာကော်မတီကိုတင်တော့မှ ဆုံးဖြတ်မှာပေါ့”လို့ ပြောပါတယ်။

ဒါကြောင့် စားသောက်ဆိုင်တွေ အမြန်ဆုံးပြန်ဖွင့်နိုင်ဖို့အတွက် ပဲခူးတိုင်းအတွင်း စတေဟုမ်း သတ်မှတ်ထားခြင်းမရှိတဲ့ မြို့နယ်အားလုံးကိုလည်း တိုင်းဒေသကြီးကနေ ညွှန်ကြားစာတွေ ထုတ်ပြန်ထားပြီဖြစ်တယ်လို့ သိရပါတယ်။

“ကျနော်ဆိုင်တွေ ပိတ်ထားရတာလည်းကြာပြီ။ အရင်က ဖွင့်ဆိုတုန်းကလည်း ညွှန်ကြားချက်နဲ့အညီ ဖွင့်လှစ်ခဲ့တယ်။ တာဝန်ရှိသူတလောစစ်ဆေးတယ်ပြီးမှ ခွင့်ပြုချက်ပေးခဲ့တာပါ။ မဖွင့်ရတာကြာတာ့ အခက်အခဲတွေရှိလာတယ်။ ဒါကြောင့် အခုဖွင့်ခွင့်ရမယ်ဆိုတော့ တော်တော်ကို ဝမ်းသာမိတယ်။ ကျနော်တို့ဘက်ကတော့ ညွှန်ကြားချက်တွေကို လိုက်နာဖို့အသင့်ပါ”လို့ ပြည်မြို့နယ်ထဲက လဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးကပြောပါတယ်။

စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေအနေနဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ ကိုဗစ် ကာကွယ်တားဆီးနိုင်ရေးဆိုင်ရာ စံသတ်မှတ်ချက်တွေနဲ့ကိုက်ညီပြီး Aအဆင့်သတ်မှတ်ခြင်းခံရမှသာ ဆိုင်တွေကိုပြန်လည်ဖွင့်လှစ်ခွင့်ရမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ စားသောက်ဆိုင်တချို့နဲ့ လဖက်ရည်ဆိုင်တွေက ပါဆယ်စနစ်နဲ့ရောင်းချနေတာရှိသလို၊ ဆိုင်ထိုင်စားသုံးခွင့်ပြုပြီးရောင်းချနေတာတွေလည်း ရှိနေပါတယ်။

#voiceofmyanmar #VOM #ပဲခူး #စားသောက်ဆိုင် #ပြန်ဖွင့်ခွင့်ပြုမယ်

Related posts

Leave a Comment

VOM News

FREE
VIEW