ကိုဗစ်ကင်းရှင်းကြောင်း ထောက်ခံစာနဲ့ မြို့နယ်ဝင်/ထွက်ခွင့်ကတ်တွေ အတုလုပ်တဲ့ မိတ္တူဆိုင်ကို အမှုဖွင့်ဖမ်းဆီး

ဒီဇင်ဘာ ၇-၂၀၂၀
သက်ထားခင်(VOM)

အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စုက မိတ္တူဆိုင်တစ်ဆိုင်ကို ဒီကနေ့ ဒီဇင်ဘာလ ၇ ရက်နေ့ နေ့လယ်ပိုင်းက သက်ဆိုင်ရာအဖွဲ့တွေက သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ Covid-19 ကင်းရှင်းကြောင်း ထောက်ခံစာတွေနဲ့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဝင်/ထွက်ခွင့်ကတ် အတုတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ အမရပူရမြို့နယ်ကျန်းမားရေးဦးစီးဌာနကနေ သိရပါတယ်။

“နန့်စီးအောင်ဂိတ်မှာ အတုနဲ့ မိတဲ့သူနှစ်ဦးကို စစ်တဲ့အခါမှာ သတင်းအရတဲ့အတွက် ရဲတပ်ဖွဲ့နဲ့ဝင်ရောက်ဖမ်းဆီးခဲ့တာပါ၊ သူကထုတ်ထားတာတော့ မဟုတ်ဘူး၊ ဝယ်သူလာမှ စက်ထဲကနေ ထုတ်ရောင်းတာ”လို့ အမရပူရမြို့နယ်ကျန်းမားရေးဦးစီးဌာနမှူး ဒေါက်တာစိုးကိုကိုဇော်က ပြောပါတယ်။

နန့်စီးအောင်စစ်ဆေးရေးဂိတ်မှာ စစ်ဆေးလိုက်တဲ့ အမျိုးသားနှစ်ဦးဆီကနေ အမရပူရမြို့နယ်ကျန်းမားရေးဦးစီးဌာနက ဆရာဝန်ကြီးရဲ့လက်မှတ်နဲ့ ရုံးတံဆိပ်တုံးတွေကို Scan ဖတ်ကာ အတုပြုလုပ်ထားတဲ့ Covid -19 ကင်းရှင်းကြောင်း ကျန်းမားရေးစာရွက်တွေ တွေ့ခဲ့တာကြောင့် ‘ အောင် ‘အမည်ရှိတဲ့ ဓါတ်ပုံအမြန်မိတ္တူဆိုင်ကို ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

အခုလို ထောက်ခံစာ အတုတွေနဲ့ ဝင်/ထွက်ခွင့်ကတ်တွေကို တွေ့ရှိခဲ့တဲ့အတွက် မိတ္တူဆိုင် ပိုင်ရှင်ဖြစ်သူကို မြစ်ငယ်နယ်မြေရဲစခန်းမှာ အမှုဖွင့်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း ရွှေကြက်ယက်ကျေးရွာအုပ်စု၊ ရတနာပုံတံတားထိပ်စစ်ဆေးရေးဂိတ်မှာ ၆ ဘီးယာဉ်ကို စစ်ဆေးတဲ့အချိန် အမရပူရမြို့နယ်ကျန်းမားရေးဦးစီးဌာနက ဆရာဝန်ကြီးရဲ့လက်မှတ်နဲ့ ရုံးတံဆိပ်တုံးတွေကို အတုလုပ်ထားတဲ့ ထောက်ခံစာအလွတ်တွေကို တွေ့ရှိခဲ့တဲ့အတွက် အမရပူရမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈ နဲ့ အမှုဖွင့်ထားတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။

#voiceofmyanmar #VOM #မန္တလေး #ကျန်းမာရေးထောက်ခံစာအတု #ဝင်/ထွက်ခွင့်ကတ်အတု #မိတ္တူဆိုင်ကို #အမှုဖွင့်ဖမ်းဆီး

Related posts

Leave a Comment

VOM News

FREE
VIEW