ရန်ကုန်မြို့က စားသောက်ဆိုင်တွေ ပြန်ဖွင့်ဖို့တင်ပြထားပေမယ့် လက်ရှိအချိန်ထိ ဖွင့်ခွင့်မရသေး

ဒီဇင်ဘာ ၁၃-၂၀၂၀
ယဉ်ပပထွန်း(VOM)

ရန်ကုန်မြို့ရှိ စားသောက်ဆိုင်တွေဟာ လက်ရှိ ကိုဗစ်ကာလမှာ အခက်အခဲများစွာရှိနေတဲ့အတွက် ဆိုင်ခန်းတွေကို စနစ်တကျနဲ့ ပြန်လည်ဖွင့်ပေးစေလိုပါတယ်လို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ၊ အမှတ် (၁) တိုင်းကိုယ်စားလှယ် ဦးလှဌေးက VOM ကိုပြောပါတယ်။

“ကျွန်တော်က လက်ရှိမှာ ပြည်သူလူထုအတွက် လွှတ်တော်ထဲမှာ ပြောဆိုပြီး တောင်းဆိုချင်တာပါ။ ဒါပေမယ့် လွှတ်တော်ကလည်း ကိုဗစ်ကူးစက်မှုတွေကြောင့် ပိတ်ထားတဲ့အတွက် အခုလိုပြောပြီး ပြည်သူကိုယ်စားတောင်းဆိုပါတယ်။ ဆိုင်သမားတွေကို ဘယ်လိုပုံသဏ္ဍာန်မျိုးနဲ့ ရောဂါပိုးမရှိအောင် ထိန်းသိမ်းပြီးတော့ လုပ်ပေးရင်ရနိုင်မလဲ ရနိုင်မယ့်နည်းလမ်းတွေလည်း ရှိပါတယ်။ စနစ်တကျကိုင်တွယ်ပြီးတော့ ဖွင့်ပေးဖို့ပါ”လို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ၊ အမှတ် (၁) တိုင်းကိုယ်စားလှယ် ဦးလှဌေးက VOM ကိုပြောပါတယ်။

ကိုဗစ်ကာလ ရှည်ကြာလာတဲ့အခါ လုပ်ငန်းရှင်တွေအနေနဲ့ ဆိုင်ခန်းတွေကို နှစ်ချုပ်ဌားရမ်းထားရပြီး အခုအခါ ပါဆယ်စနစ်နဲ့ရောင်းနေရတာကြောင့် အိတ်ထဲကနေ ဆိုက်ထုတ်နေမှုက အဆင်မပြေမှုတွေရှိနေတဲ့အပြင် ဝန်ထမ်းတွေရဲ့ လစာတစ်ဝက်ရရှိမှုတွေကလည်း အဆင်မပြေတဲ့အတွက် စနစ်တကျနဲ့ ပြန်လည်ဖွင့်ပေးဖို့တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်က စားသောက်ဆိုင်ဖွင့်ထားသူတစ်ဦးကလည်း “ အစ်မတို့ဆိုရင် ဆိုင်ပိတ်ထားရကြာနေတော့ အဆင်မပြေဘူး ။ တစ်လကို သိန်း ၄၀ ကိုယ်အိတ်ထဲက စိုက်နေရတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ဆိုင်ကို ပြန်လည်ဖွင့်စေချင်ပါတယ်” လို့ ပြောပါတယ်။

လက်ရှိမှာလည်း ယုဇနပလာဇာနဲ့မင်္ဂလာဈေးရှိ ဈေးဆိုင်တွေက ပိတ်ထားတာကြာနေတဲ့အတွက် ဝယ်ယူနေတဲ့ ဖောက်သည်တွေ ပျက်သွားတာတွေ ၊ ဆိုင်ခန်းတွေ ပိတ်ထားတဲ့အတွက် ဝန်ထမ်းတွေအနေနဲ့ ဖြစ်သလို လုပ်ကိုင်စားသောက်ပြီး လမ်းဘေးမှာနေနေရတာကြောင့် အဲ့ဒီဈေးတွေကိုလည်း သေချာကြပ်မတ်ပြီး ဖွင့်စေချင်တယ်လို့ ဦးလှဌေးက ပြောပါတယ်။

” ဈေဆိုင်ခန်းတွေက ပိတ်ထားတာ ၃ လကျော်နေပြီ ဆိုင်ခန်းတွေက ပိတ်ထားပေမယ့် လစာပေးရတယ် ။ မင်္ဂလာဈေးမှာဆိုရင် ဆိုင်ခန်းပေါင်း ၆၀၀၀ ကျော်မှာ ဝန်ထမ်းပေါင်း ၁၂၀၀၀ ရှိတယ် ။ အားလုံးပေါင်းမယ်ဆိုရင် ၂၀၀၀၀ လောက်ရှိမယ် ။ ဝန်ထမ်းတွေကလည်း ဆိုင်ခန်းတွေ ပိတ်ထားတော့ တအားနစ်နာနေတယ်။ တချို့ဆိုရင် ဖြစ်သလိုလုပ်ကိုင်စားသောက်ပြီးတော့ လမ်းဘေးမှာ စာေးသာက်နေရတာဖြစ်တယ် ။ ဒီလိုပိတ်ထားမယ့်အစား ကျန်းမာရေးနဲ့ ညီညွှတ်အောင် အကာအကွယ်တွေနဲ့ ဘယ်လိုလုပ်မလဲဆိုတာကို နည်းနည်းစဉ်းစားပြီး ဖွင့်နိုင်အောင် လုပ်ပေးစေချင်တာပေါ့ “ လို့ ဦးလှဌေးက ပြောပါတယ်။

ဒါအပြင် တရားဥပဒေအနေနဲ့ နောက်ပိုင်းမှာ အဓိက ငွေရေးကြေးရေးတွေ ပြတ်တောက်မှုရှိလာရင် မလိုလားအပ်တဲ့ ဒုစရိုက်မှုတွေ ပေါ်လာနိုင်တဲ့အတွက် လူတွေရဲ့ စားဝတ်နေရေး လည်ပတ်နိုင်အောင် အတတ်နိုင်ဆုံး လုပ်ပေးထားနိုင်မယ်ဆိုရင် အခုထဲက ကြိုတင်ကာကွယ်တားဆီးနိုင်တယ်လို့လည်း ဦးလှဌေးက သုံးသပ်ပြောဆိုလိုက်တာဖြစ်ပါတယ်။

ရန်ကုန်တိုင်းထဲ စားသောက်ဆိုင်တွေကို ကိုဗစ် ညွှန်ကြားချက်တွေနဲ့အညီ စနစ်တကျ ပြန်လည်ဖွင့်လှစ်ခွင့်ပြုဖို့အတွက် ရန်ကုန်တိုင်းအစိုးရကို မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းက ပြီးခဲ့တဲ့ နိုဝင်ဘာ တတိယအပတ်ခန်းက အကြံပြုစာပေးပို့ထားတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #စားသောက်ဆိုင် #ပြန်ဖွင့်ခွင့်မရသေး

Related posts

Leave a Comment

VOM News

FREE
VIEW