ပဲခူးတိုင်းအစိုးရအဖွဲ့နဲ့ ပြဿနာဖြစ်တဲ့ တိုင်းအတွင်းရေးမှူး ပြောင်းရွှေ့ခံရ

ဒီဇင်ဘာ ၁၄-၂၀၂၀
သူရိန်(VOM)

ပဲခူးတိုင်းအစိုးရအဖွဲ့နဲ့ နှစ်ကြိမ်တိုင်တိုင် ပြဿနာဖြစ်ပွားခဲ့တဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးကို ပြောင်းရွေ့တာဝန်ထမ်းဆောင်စေခဲ့တယ်လို့ သိရပါတယ်။

“အစိုးရကတ်ဘိနက်အစည်းအဝေးမှာ စကားများကြတာပါ။ အပြင် မှာပြောသလို ထိုးတာကြိတ်တာမရှိပါဘူး။ အော်ကြီးဟစ်ကျယ်စကားများတာလောက်ပဲရှိတယ် အဲ့ဒါကြောင့်ပါ။ သူက အခု ဒါနဲ့ဆို နှစ်ကြိမ်ရှိပြီလေ။ ပထမတစ်ကြိမ်တုန်းကလည်း အစည်းအဝေးမှာ အစိုးရအဖွဲ့နဲ့ ပြဿနာတက်ဖူးလို့ သတိပေးခံထားရပြီးပြီ။ အခု ဒုတိယအကြိမ်ထပ်ဖြစ်တော့ အပြင်ကိုပေါက်သွားတာ။ အဲ့ဒါနဲ့ ပါတီကခေါ်ပြီး အစိုးရအဖွဲ့က အရေးယူပေးဖို့ပြောတဲ့အတွက် ဝန်ကြီးက နေပြည်တော်ကောင်စီကို တိုက်ရိုက်စာပို့ပြီး အစိုးရအဖွဲ့ကို အယုံအကြည်ပျက်စေတဲ့အတွက် အကျဉ်းချုပ်ဖြစ်စဉ်ရေးပြီး ပို့လိုက်တာပါ။ ညကတောင် သူ့ရဲ့နှုတ်ဆက်ပွဲလုပ်သွားသေးတယ်”လို့ အစိုးရအဖွဲ့နဲ့အနီးဆုံးသူတစ်ဦးကပြောပါတယ်။

လက်ရှိတာဝန်ရွေ့ပြောင်းခံရတဲ့ တိုင်းအတွင်းရေးမှူးဦးခင်မောင်
ဆန်းဟာ နိုဝင်ဘာ ၂၅ ရက်ကကျင်းပပြုလုပ်တဲ့ ပဲခူးတိုင်းအစိုးအဖွဲ့အစည်းအဝေးမှာ ပဲခူးတိုင်းအစိုးရအဖွဲ့ဝင်တွေကို မချေမငံဆက်ဆံပြောဆိုရာကနေ အငြင်းပွားမှုဖြစ်ပေါ်ခဲ့လို့ တိုင်ကြားခံထားရပြီး တစ်ပတ်ခန့်အကြာမှာ နေပြည်တော်ကိုပြောင်းရွေခံရတာ ဖြစ်ပါတယ်။

“ပုံမှန်ကျွန်တော်တို့က ဒီလိုအစိုးရအဖွဲ့တွေပြောင်းတဲ့အချိန်မှာတော့ တာဝန်ခံတို့ အုပ်ချူပ်ရေးအဖွဲ့တွေ ပြောင်းလေ့ပြောင်းစတော့ရှိတာပေါ့နော်၊ ဒါကတော့ ပြည်ထောင်စုဝန်ကြီးဌာနကနေကိုင်တွယ်မှ ဆောင်ရွက်တာပေါ့၊ ကျွန်တော်တို့ဒီမှာတော့ အော်ဒါဘာညာတော့ ကျွန်တော်မဖတ်ရသေးဘူး၊ လူကြီးတွေလက်ထဲမှာတော့ ရောက်ကောင်းရောက်နေနိုင်တာပေါ့ ရုံးအဖွဲ့ကိုတော့ မချပေးသေးဘူး။ အဲ့ဒီလိုကြီး သီခြားကြီးတက်တာတော့ ဘာညာမရှိပါဘူး၊ ပြောင်းမယ်ဘာညာကတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ ဆောင်ရွက်တာမဟုတ်ဘူးခင်ဗျ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးချူပ်ကနေ ဆောင်ရွက်တာဖြစ်ပါတယ်။ အမိန့်ထုတ်တာတို့ ဝန်ထမ်းပိုင်းတွေကျတော့ ရုံးချူပ်ကကိုင်တယ်၊ ဒီကနေ ကျွန်တော်တို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေပြီး ဌာနဆိုင်ရာကို ပြောင်းဖို့ ရွေ့တာတွေမရှိဘူးခင်ဗျ။ အဲ့ဒါတော့လူကြီးတွေပေါ်လစီပိုင်းဖြစ်သွားပြီ၊ ပြည်ထောင်စုလယ်ဗယ်ကဆောင်ရွက်တာဆိုတော့ ကျွန်တော်တို့တစ်ဆင့်ပဲကြားနေရတာ”လို့ ပဲခူးတိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

တာဝန်ရွေ့ပြောင်းခံရတဲ့ဦးခင်မောင်ဆန်းဟာ မြေယာလျှောက်ထားခွင့်နဲ့ပက်သက်လို့ လက်မှတ်ထိုးနိုင်ဖို့ တင်ပြတဲ့အပေါ် အစိုးအဖွဲ့က ပြန်လည်စီစစ်ဖို့ပြောကြားတာကို မကျေနပ်တဲ့အတွက် အခုလိုပြဿနာဖြစ်ပွားခဲ့ရခြင်းဖြစ်ပါတယ်။

#voiceofmyanmar #VOM #ပဲခူး #တိုင်းအစိုးနဲ့ပြဿနာဖြစ် #တိုင်းအတွင်းရေးမှူးပြောင်းရွှေ့ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW