စစ်ကိုင်းမြို့က ပြည်သူ့အချို့ စားသောက်ရေး အခက်အခဲဖြစ်နေတဲ့အတွက် ဘုန်းကြီးကျောင်းတွေကနေ အလှူခံ စားသောက်နေရ

ဒီဇင်ဘာ ၁၇-၂၀၂၀
မောင်တာရာ (VOM)

စစ်ကိုင်းမြို့၊ မြရတနာရပ်ကွက်မှာနေတဲ့ ပြည်သူ့အချို့ဟာ စားသောက်ရေး အခက်အခဲဖြစ်နေတဲ့အတွက် စစ်ကိုင်းတောင်ရိုးက ဘုန်းကြီးကျောင်းတွေဆီကနေ အလှူခံ စားသောက်နေရတယ်လို့ သိရပါတယ်။

ကိုဗစ် ဒုတိယလှိုင်းကာလအတွင်း လုပ်ငန်းတွေရပ်ဆိုင်းထားရပြီး အလုပ်အကိုင် မဖြစ်တော့တဲ့အတွက် စားသောက်ရေးမှာ အခက်အခဲတွေ ရှိလာတာကြောင့် အခုလို ဘုန်းကြီးကျောင်းတွေကို နေ့စဉ် လာရောက်ပြီး အလှူခံ စားသောက်နေရခြင်းဖြစ်တယ်လို့ မြရတနာရပ်ကွက်မှာနေတဲ့ ဒေါ်ဝင်းထိုက်ကပြောပါတယ်။

”အရင်ကိုဗစ်ပထမဖြစ်တုန်းက အလုပ်တွေက အဆင်ပြေသေးတယ် လုပ်လို့ ရသေးတယ်၊ အခု ဒုတိယလှိုင်းကျမှာ စက်ရုံ၊အလုပ်ရုံတွေက ပိတ်တယ်၊ လုပ်ငန်းက မဖြစ်ဘူး။ အရင်က ပလပ်စတစ်ကောက်ကြတယ်။ အခု ဝယ်တဲ့ ဒိုင်တွေကလည်း အကုန်ပိတ်ပြီ၊ ဘယ်လိုမှ အဆင်မပြေကြတော့ ဘုန်းကြီးကျောင်းတွေ စွန့်တဲ့ဟာလေးတွေကို လာပြီးအလှူခံရတာပါ”လို့ ဒေါ်ဝင်းထိုက်ကပြောပါတယ်။

မြရတနာရပ်ကွက်ဟာ လက်လုပ်လက်စား အများစုနေထိုင်တဲ့ ရပ်ကွက်တစ်ခုဖြစ်ပြီး ကိုဗစ်ကာလမှာ အလုပ်အကိုင်တွေ မဖြစ်တော့တဲ့အတွက် စစ်ကိုင်းတောင်ရိုး မြစကြာၤစာသင်တိုက်ကို နေ့စဉ် အိမ်ထောင်စု ၁၀၀ ခန့်က လာရောက်ပြီး ထမင်း၊ဟင်းတွေကို အလှူခံ စားသောက်နေရတာဖြစ်ပါတယ်။

”အရင် ကိုဗစ်ဖြစ်တုန်းက လှူတန်းတဲ့သူတွေရှိတော့ ဒီလို ဘုန်းကြီးကျောင်းတွေကိုလိုက်ပြီး အလှူမခံရဘူး။ အခု ဒုတိယလှိုင်းကျမှ အလှူရှင်တွေလည်း မရှိတော့ ဘုန်းကြီးကျောင်းတွေက ဆွမ်းကျန်လေးတွေ လာယူရတာပါ၊ တကယ်ကို စားစရာမရှိပါဘူး။ ဒုက္ခရောက်ရပါတယ်”ဟု မြရတနာရပ်ကွက်နေ ဒေါ်ခိုင်က ပြောပါတယ်။

ကိုဗစ် ဒုတိယလှိုင်းကာလအတွင်းမှာ စားသောက်ရေး အခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စုများစွာရှိတဲ့အတွက် စေတနာရှင်၊ အလှူရှင်တွေ အနေနဲ့ လာရောက်လှူဒါန်းပေးစေလိုတယ်လို့ ရပ်ကွက်နေပြည်သူအချို့ကပြောပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #မြရတနာရပ်ကွက် #ဘုန်းကြီးကျောင်းတွေက #အလှူခံစားသောက်နေရ

Related posts

Leave a Comment

VOM News

FREE
VIEW