ကောလာဟလနဲ့ သတင်းတုသတင်းမှား ဖြစ်တည်မှု၊ရင်းမြစ်နဲ့လားရာ

ဆွေလင်းထွန်း(VOM)

 

 

၂၀၂၀ ရွေးကောက်ပွဲကျင်းပပြီးစီးလို့ ရွေးကောက်ပွဲအနိုင်ရပါတီက အစိုးရဖွဲ့ဖို့ ပြင်ဆင်နေတဲ့ ကာလမှာပဲ လူမှုကွန်ယက်ပေါ်မှာ ကောလာဟလ၊ သတင်းတု၊ သတင်းမှားတွေကို လူတစုက ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေကြပါတယ်။

 

အများဆုံးတွေ့ရတဲ့ သတင်းတု၊ သတင်းမှားတွေကတော့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းမှားတွေပဲဖြစ်ပါတယ်။ သတင်းမှားတွေကို လူမှုကွန်ယက်ပေါ်မှာ အကောင့်တုတွေနဲ့ ဖြန့်ဝေကြတာဖြစ်ပါတယ်။ သတင်းမှားတွေထဲမှာ  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) နဲ့ မဲရုံဝန်ထမ်းတွေ၊ NLD ပါတီအပါအဝင် နိုင်ငံရေးပါတီတွေကို ဦးတည်တိုက်ခိုက်တဲ့ သတင်းမှားတွေက အများဆုံးဖြစ်တာ တွေ့ရပါတယ်။

 

ရွေးကောက်ပွဲနဲ့ ကိုဗစ်ကာလ သတင်းတုများ ရေပန်းစားရခြင်း

ရွေးကောက်ပွဲတာဝန်ရှိသူတွေအပေါ် တိုက်ခိုက်တဲ့ သတင်းမှားတွေ

 

UEC အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူဦးရေ ၃၇သန်းကျော်ရှိတယ်လို့ နိုဝင်ဘာ ၉ရက်နဲ့ ၁၀ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။ အဆိုပါ UEC ရဲ့ ထုတ်ပြန်ချက်ကို အခြေခံပြီး ရေးသားထားတဲ့ သတင်းမှားတွေ လူမှုကွန်ယက်မှာ အများအပြား ပျံ့နှံ့ခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၃၇ သန်းရှိပေမယ့် အမှန်တကယ်မဲလာပေးခဲ့တာ ၃၉ သန်းရှိတယ်လို့ သတင်းမှား ဖြန့်ခဲ့ကြတာပါ။

 

နိုဝင်ဘာ ၁၇ရက်နေ့က UEC ဥက္ကဌ ဦးလှသိန်းနဲ့ နိုင်ငံပိုင်မီဒီယာဖြစ်တဲ့ MRTV တို့ အင်တာဗျူးမှာတော့ မဲပေးခွင့်ရှိသူဦးရေဟာ ၃၈သန်းကျော်ရှိတယ်လို့ ဦးလှသိန်းက ပြောပြန်ပါတယ်။ အဆိုပါပြောကြားချက်ပေါ်မူတည်ပြီး UEC က မဲခိုးတယ်ဆိုတဲ့ သတင်းမှားတွေ ပျံ့ပြန်ပါတယ်။ ဒီဇင်ဘာ ၁ရက်နေ့မှာတော့ မဲပေးခွင့်ရှိသူဦးရေအမှန်ဟာ ၃၈သန်းကျော်ဖြစ်ပြီး နိုဝင်ဘာ ၉ရက်နဲ့ ၁၀ရက်မှာထုတ်ပြန်ခဲ့တဲ့ ၃၇သန်းကျော်ဆိုတဲ့ အရေအတွက်ဟာ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မဲဆန္ဒနယ်တွေက မဲဆန္ဒရှင်တွေကို နုတ်ပယ်ထားတဲ့ အတည်မပြုရသေးတဲ့ အခြေခံမဲဆန္ဒရှင်စာရင်းသာဖြစ်တယ်လို့ UEC က ထုတ်ပြန်ခဲ့ရပါတယ်။

 

 

UEC နဲ့ ပတ်သက်ပြီး နောက်ထပ်ပျံ့နှံ့ခဲ့တဲ့ သတင်းမှားကတော့ UEC ဥက္ကဌ ဦးလှသိန်းနဲ့ အဖွဲ့ဝင်တွေ ရာထူးကနေ နုတ်ထွက်တယ်ဆိုတဲ့ သတင်းမှားပဲဖြစ်ပါတယ်။ UEC တရားဝင်လူမှုကွန်ယက်စာမျက်နှာမှာ အဆိုပါသတင်းဟာ သတင်းမှားဖြစ်ကြောင်း UEC က သူတို့ရဲ့ တရားဝင်လူမှုကွန်ယက်စာမျက်နှာကနေ တုံ့ပြန်ဖြေရှင်းခဲ့ပါတယ်။ UEC မြို့နယ်၊ ခရိုင်အဆင့်ရုံးတွေ ပိတ်ထားပြီး တာဝန်ရှိသူတွေ ရှောင်ပြေးကြပြီဆိုတဲ့ သတင်းမှားတွေလည်း ပျံ့နှံခဲ့ပါသေးတယ်။

 

မဲရုံဝန်ထမ်းတွေအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာ၊ ဆရာမတွေနဲ့ပတ်သက်ပြီးလည်း သတင်းတု၊ သတင်းမှားတွေ အများအပြား ပျံ့နှံ့ခဲ့ပါသေးတယ်။ UEC ဥက္ကဌ ဦးလှသိန်းက ရွေးကော်ပွဲမှာ တချို့ဆရာမတွေရဲ့ မဲခိုးပေးမှုကြောင့် UEC နာမည်ပျက်ရတယ်လို့ ပြောကြောင်း လူမှုကွန်ယက်မှာ အကောင့်တုတွေနဲ့ ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။ အဆိုပါသတင်းဟာ သတင်းမှားသာဖြစ်ကြောင်း UEC က ထုတ်ပြန်ခဲ့ပါတယ်။

 

မဲမသမာမှုတွေလုပ်ခဲ့တဲ့ မဲရုံဝန်ထမ်းဆရာ၊ ဆရာမ ၁၆ယောက်ကို ဆွဲစိလိုက်တယ်ဆိုပြီးလည်း သတင်းမှားတွေ ဖြန့်ကြပါသေးတယ်။ သတင်းမှားမှာ နောက်ထပ် ဆရာ၊ ဆရာမ ၄၈ယောက်ကို ဖမ်းဆီးဖို့ ကျန်သေးတယ်ဆိုပြီးလည်း ရေးသားထားပါတယ်။  မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဇော်မျိုးလှိုင်ကတော့ အဆိုပါသတင်းတွေဟာ သတင်းမှားတွေသာဖြစ်ပြီး အမှန်တကယ်ဖမ်းဆီးခံရတယ်ဆိုရင် သူတို့ဆီကို သတင်းဝင်လာမှာဖြစ်တယ်လို့ VOM ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

 

UEC အပါအဝင် မဲရုံဝန်ထမ်း ဆရာ၊ ဆရာမတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့ အခြားသတင်းမှားတွေမှာ မဲလက်မှတ်တွေ ပိုမိုရိုက်နှိပ်ခဲ့တယ်ဆိုတဲ့ သတင်းမှား၊ တပ်မတော်က တပ်အသုံးစရိတ်တွေထုတ်ပြန်ရင် UEC ကလည်း မဲစာရင်းအတိအကျ ထုတ်ပြန်ပေးမယ်ဆိုတဲ့ သတင်းမှား၊ ရွေးကောက်ပွဲမှာ NLD ပါတီကို အနိုင်ရစေချင်တဲ့စေတနာနဲ့ မှတ်ပုံတင်မရှိသူတွေကို မဲပေးစေခြင်းနဲ့ လူတဦးကို တကြိမ်ထက်ပိုပြီးမဲပေးစေခဲ့တယ်ဆိုတဲ့ သတင်းမှား၊ မဲရုံဝန်ထမ်း ဆရာ၊ ဆရာမတွေကို မဲမသမာမှု လုပ်စေဖို့အတွက် ငွေကျပ် ၃သိန်း၊ ၅သိန်း စသဖြင့် ပေးခဲ့တယ်ဆိုတဲ့ သတင်းမှားတွေ ပါဝင်တာကို တွေ့ရှိရပါတယ်။

 

မဲပေးခွင့်ရှိသူသတင်းမှားနဲ့ မဲရုံစောင့်ဆရာမတွေဖမ်းခံရတဲ့ သတင်းမှားတွေကို ပြန်လည်ဆန်းစစ်ခြင်း

 

နိုင်ငံတော် အဖွဲ့အစည်းတွေနဲ့ပတ်သက်တဲ့ သတင်းမှားတွေ

 

NLD ပါတီက ဖွဲ့စည်းမယ့်အစိုးရသစ်မှာ တပါတီအာဏာရှင်စနစ်ကို အထောက်အကူပြုမယ့် ဗဟိုအစိုးရအပါအဝင် တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်တွေကို ပါတီအပေါ်သစ္စာရှိပြီး ပါတီနဲ့လည်း ဆက်ဆံရေးကောင်းမွန်သူတွေကိုသာ အစိုးရအဖွဲ့ဝင်တွေအဖြစ် ခန့်သွားမယ်လို့ ပါတီဒုဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က ပြောကြားတယ်ဆိုတဲ့ ကောလာဟလတခုလည်း ပျံ့နှံ့ခဲ့ပါတယ်။ NLD ပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်စဉ်က ပါတီအပေါ်သစ္စာရှိမှုနဲ့ အလုပ်လုပ်နိုင်မှုအပါအဝင် သတ်မှတ်ချက် ၇ချက်နဲ့ ရွေးချယ်မယ်လို့ ပါတီတာဝန်ရှိသူတဦးဖြစ်တဲ့ မုံရွာအောင်ရှင်က မီဒီယာတွေကို ပြောကြားခဲ့ဖူးပေမယ့် အစိုးရအဖွဲ့ဝင်တွေကို ဘယ်လိုသတ်မှတ်ချက်တွေနဲ့ ရွေးမယ်ဆိုတာကိုတော့ တရားဝင် ပြောကြားတာမျိုး မတွေ့ရသေးပါဘူး။

 

ရွေးကောက်ပွဲမှာ အငြင်းပွားမှုတွေဖြစ်ခဲ့တယ်လို့ ကြားသိရတာကြောင့် တပ်မတော်သားတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေမဲပေးခဲ့တဲ့ မြို့နယ် ၂၁၈ မြို့နယ်က ရွေးကောက်ပွဲဖြစ်စဉ်တွေအပေါ်မူတည်ပြီး ပြန်လည်စိစစ်သွားမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က နိုဝင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါထုတ်ပြန်ချက်အပြီးမှာတော့ တပ်မတော်ရဲ့ စစ်ဆေးမှုတွေအပြီးမှာ မဲမသမာမှုတွေ ပေါ်ပေါက်လာရင် ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်မပြုဘူးဆိုတဲ့ ကောလဟာလတွေ ပျံ့နှံ့ခဲ့ပါတယ်။ အဆိုပါသတင်းဟာ သတင်းမှားသာဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်ပြုမယ်လို့ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက မီဒီယာတွေကို တရားဝင်ပြောကြားခဲ့တာဖြစ်ပါတယ်။

 

နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်တဲ့ သတင်းမှားတွေ

 

နိုင်ငံရေးပါတီတွေမှာတော့ လက်ရှိအာဏာရပါတီဖြစ်တဲ့ NLD ပါတီက သတင်းတု၊ သတင်းမှားတွေနဲ့ အများဆုံး တိုက်ခိုက်ခံရတာကို တွေ့ရပါတယ်။ NLD နဲ့ UEC ပေါင်းပြီး မဲလိမ်တာ၊ NLD ပါတီကို မဲထည့်ဖို့ ငွေ ၂၀၀၀၀ သောင်းပေးပြီး မွန်ပြည်နယ် ဇင်းကျိုက်မြို့မှာ စည်းရုံးနေတာ၊ NLD ပါတီက သာစည်မြို့နယ်အတွင်း မဲမသမာမှုတွေ ပြုလုပ်ခဲ့တာ၊ မိတ္ထီလာမြို့နယ်မှာ NLD ပါတီအနိုင်ရခဲ့တာကြောင့် အစ္စလာမ်ဘာသာဝင်တွေအတွက် ဗလီအသစ်တွေ ဆောက်ပေးတော့မှာ စတဲ့ သတင်းတု၊ သတင်းမှားတွေကို ဖြန့်ဝေခဲ့ကြတာပဲဖြစ်ပါတယ်။ ဒီသတင်းမှားတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေက သတင်းအမှားတွေသာဖြစ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ကြရပါတယ်။

 

နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲအပြီးပျံ့နှံ့ခဲ့တဲ့ သတင်းမှားတခုကတော့ ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်က NLD အနိုင်ရအမတ် ဦးထိုက်ဇော်ကို ပြည်ခိုင်ဖြိုးပါတီက ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးရဲ့ စေခိုင်းချက်နဲ့ လုပ်ကြံခဲ့တာဆိုတဲ့ သတင်းမှားပဲဖြစ်ပါတယ်။ ဦးသိန်းထွန်းဦးကတော့ အဆိုပါသတင်းမှားဖြန့်ဝေခဲ့တဲ့ အကောင့်ပိုင်ရှင်ကို စုံစမ်းပြီး ဥပဒေကြောင်းအရ ဆောင်ရွက်သွားမယ်လို့ VOM ကို ပြောခဲ့ပါတယ်။

 

ရွေးကောက်ပွဲပြန်မလုပ်ပေးရင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရအမတ်တွေ နုတ်ထွက်မှာ၊ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ မူးယစ်ဆေးရောင်းဝယ်လိုသူအချို့က ပြည်ခိုင်ဖြိုးပါတီကို မဲပေးခဲ့ကြတာ၊ ကယားပြည်နယ်အတွင်း ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ်တွေကို အုပ်ချုပ်ရေးစွမ်းရည် မပြည့်သေးတာကြောင့် အဆိုပါပါတီကို NLD ပါတီက အုပ်ချုပ်ခွင့်မပေးဘူးလို့ဆိုတာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီက ပြည်ထောင်စုဒုဝန်ကြီး တနေရာနဲ့ ပြည်နယ်ဝန်ကြီးချုပ်နေရာတို့ကို NLD ပါတီထံ တောင်းဆိုခဲ့တယ်လို့ဆိုတာ စတဲ့ နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်ပြီး ကောလာဟလ၊ သတင်းတုနဲ့ သတင်းမှားတွေ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တာပဲ ဖြစ်ပါတယ်။

 

သတင်းမှားတွေကို ဘယ်သူတွေဖြန့်ပြီး ဘာလို့ပျံ့လဲ

 

လူမှုကွန်ယက်ပေါ်မှာ ကောလာဟလ၊ သတင်းတုနဲ့ သတင်းမှားတွေဟာ ပုံစံအမျိုးမျိုးနဲ့ ပျံနှံ့နေတာ ဖြစ်ပါတယ်။ သတင်းဦးတင်လိုတဲ့အတွက် သတင်းမှားတွေကို ရည်ရွယ်ချက်မရှိဘဲ ဖြန့်ဝေမိတာ၊ အမုန်းစကားတွေကို ဖြန့်ဝေတာ၊ အများပြည်သူကို လှည့်ဖြားဖို့အတွက် ရည်ရွယ်ချက်ရှိရှိနဲ့ သတင်းတုတွေကို ဖြန့်ဝေတာ စတဲ့ ပုံစံတွေကို တွေ့ရတယ်လို့ ကောလာဟလ၊ သတင်းတုနဲ့ သတင်းမှားတွေကို တုံ့ပြန်နေတဲ့ အရပ်ဖက်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သတင်းမှားတွေကိုတော့ လူမှုကွန်ယက်မှာ လူအချို့က အုပ်စုဖွဲ့ပြီး ဖြန့်ဝေခဲ့ကြတာကို တွေ့ရပါတယ်။ Nay Min၊ U Ye Htut၊ Leo Tun၊ C Vid၊ U Ye Htut၊ Nay Thurain၊ နန်းစံပယ်၊ သီရိ၊ ဖုန်းမြင့်အောင်၊ စစ်သွေး၊ မင်းကိုကိုဦး စတဲ့ အကောင့်တွေကနေ ကောလာဟလ၊ သတင်းတုနဲ့ သတင်းမှားတွေကို အများဆုံးဖြန့်ဝေခဲ့ကြတာကို တွေ့ရပါတယ်။ တရားဝင်သတင်းဌာနတွေရဲ့ အမည်တွေကို ဆင်တူယိုးမှားပြုလုပ်ပြီး သတင်းတုတွေ ဖြန့်ဝေကြတာလည်း ရှိပါတယ်။ RFM ဆိုတဲ့ သတင်းဌာနအတုတခုကနေပြီး သတင်းမှားဖြန့်တာတွေ လုပ်ကြသလို ဂိုလ်ရှယ်လေးဆိုသူကလည်း မြန်မာအမေရိကန် သတင်းဌာနဆိုတဲ့အမည်နဲ့ ကောလာဟလတွေကို ဖြန့်ဝေခဲ့တာပဲ ဖြစ်ပါတယ်။

 

လူမှုကွန်ယက်မှာ ကောလာဟလ၊ သတင်းတုနဲ့ သတင်းမှားတွေ ပြန့်နှံရတာဟာ လူမှုကွန်ယက် ဖေ့ဘုတ်သုံးစွဲမှု မြင့်တက်လာတာက အကြောင်းရင်းတခု ဖြစ်တယ်လို့ သတင်းတု၊ သတင်းမှားတွေကို တုံ့ပြန်နေတဲ့ အရပ်ဖက်အဖွဲ့ Myanmar ICT for Development Organization(MIDO)ရဲ့ အစီအစဉ်မန်နေဂျာ ကိုငြိမ်းချမ်းအောင်က သုံးသပ်ထားပါတယ်။

 

အာဏာပိုင်အဖွဲ့အစည်းတွေအနေနဲ့ သတင်းထုတ်ပြန်မှု အားနည်းတာ၊ ထုတ်ပြန်တဲ့အခါမှာလည်း အများပြည်သူ အလွယ်တကူနားလည်းအောင် မထုတ်ပြန်တာနဲ့ တရားဝင် သတင်းဌာနတွေရဲ့ ဆက်သွယ်မေးမြန်းချက်တွေကို မဖြေကြားတာတွေကြောင့်လည်း သတင်းတု၊ သတင်းမှားတွေ အများအပြား ပျံ့နှံ့ရတာ ဖြစ်ပါတယ်။

 

အများပြည်သူအနေနဲ့ သတင်းတခုကို အမှား၊ အမှန် ခွဲခြားနိုင်ဖို့အတွက် သတင်းတစ်ပုဒ်ကို မျှဝေတော့မယ်ဆိုလျှင် သတင်းရေးသူကို စိစစ်ဖို့၊ ခေါင်းစဉ်တစ်ခုတည်းကိုပဲ မဖတ်ဖို့၊ သတင်းကို အစအဆုံးဖတ်ဖို့၊ သတင်းထုတ်ဝေတဲ့ နေ့စွဲကို စစ်ဖို့၊ အလားတူဖြစ်ရပ်ကို အခြားသတင်းရင်းမြစ်တွေက ရေးထားတာနဲ့ နှိုင်းယှဉ်ကြည့်ဖို့၊ အင်တာနက်ပေါ် လျင်မြန်စွာ ဖြန့်ဝေနေတဲ့ မက်ဆေ့ချ်၊ အသံဖိုင်၊ ဗီဒီယိုနဲ့ အမည်မသိ မသေချာတဲ့ ပုံတွေကို မမျှဝေဖို့ တိုက်တွန်းလိုက်ရပါတယ်။

(ယခုဆောင်းပါးမှာပါရှိတဲ့ အချို့အချက်အလက်တွေဟာ Internews က ထုတ်ဝေတဲ့ Election Rumour Bulletin ကနေ ရယူ ကိုးကားထားတာဖြစ်ပါတယ်)

#voiceofmyanmar #VOM #သတင်းတု၊သတင်းမှားနဲ့ကောလာဟလ

 

Related posts

Leave a Comment

VOM News

FREE
VIEW