မြစ်ကြီးနားမှာ ခရစ္စမတ်ပွဲတော်ကို ကိုဗစ်ကြောင့် ကျန်းမာရေးစံသတ်မှတ်ချက်နဲ့ အညီပြုလုပ်နေရ

ဒီဇင်ဘာ ၂၁-၂၀၂၀
ရန်အောင်ထွန်း(VOM)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ခရစ္စမတ်ပွဲတော်နဲ့ နှစ်သစ်ကူးပွဲတော်တွေကို COVID_19ရောဂါကြောင့် ကျန်းမာရေးစံသတ်မှတ်ချက်နဲ့အညီ လူ ၃၀ ထက်မကျော်အောင် ဝတ်ပြုဆုတောင်းပွဲတွေ ထိန်းသိမ်းပြုလုပ်နေတယ်လို့ မြစ်ကြီးနားမြို့ နှစ်ခြင်းခရစ္စယာန်အသင်းတော်က သိက္ခာတော်ရဆရာတော်နဲ့ ဗဟိုကတ်သလစ်သာသနာ့ အကျိုးဆောင်အဖွဲ့၊ စိန်ကိုလန်ဘန်ကသီဒြယ် ဘုရာကျောင်းက ကျောင်းထိုင်ဘုန်းတော်ကြီးတို့က ပြောပါတယ်။
ခရစ္စမတ်ပွဲတော်နဲ့ နှစ်သစ်ကူးပွဲတော်တွေကို ကျန်းမာရေးစံသတ်မှတ်ချက်နဲ့အညီ ကျင်းပဖို့ သာသာနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကနေ ဒီဇင်ဘာ ၁၇ ရက်နေ့က အကြောင်းကြားစာ ပေးပို့ထားတယ်လို့ သိရပါတယ်။
ခရစ္စယာန်အသင်းတော်တွေကတော့ ကိုဗစ်ကာလအတွင်း နိုင်ငံတော်အစိုးရရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာပြီး သာသနာရေးလုပ်ငန်းတွေ လုပ်ဆောင်တဲ့အခါ ဘုရားကျောင်းတွေမှာ လူ ၃၀ ထက်မပိုဖို့ ၊ ဝင်တဲ့အခါ လက်ဆေးခြင်း ၊ ဝတ်ပြုဆုတောင်းမှုပြုလုပ်တဲ့သူ တစ်ဖွဲ့ပြီးသွားတိုင်း ပိုးသတ်ဆေးဖျန်းထားတဲ့ အဝတ်နဲ့ ထိုင်ခုံတွေကို သန့်ရှင်းရေးလုပ်ခြင်း၊ Mask တပ်တာ၊ အပူချိန်တိုင်းတာတာနဲ့ လူတစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေကြတာတွေကို လိုက်နာဖို့ ဆောင်ရွက်နေတယ်လို့ ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာဂျွန်လရော်က ပြောပါတယ်။
ဘုရားကျောင်းမှာ လူစုလူဝေး ဖြစ်မလာစေဖို့ အရင်ကလို လူထောင်နဲ့ချီ ပွဲတော်တွေလုပ်တာမျိုး မရှိတော့ဘဲ အွန်လိုင်းကနေ ခရစ္စမတ်သံစုံသီချင်းတွေ၊ တီးဝိုင်တွေကို ရိုက်ကူးပြီး တစ်ကမ္ဘာလုံးက အသင်းသားတွေဆီ လွှင့်ပေးတယ်လို့ သိက္ခာတော်ရဆရာတော် ဦးလမြန်က ပြောပါတယ်။
ခရစ္စမတ်ပွဲကျင်းပတာနဲ့ ပတ်သက်ပြီး လူ ၃၀ ထက်မကျော်ဘဲ ကျင်းပပြုလုပ်လို့ရသလို ပွဲတော်တွေကျင်ပဖို့အတွက်လည်း ကျန်းမာရေးနဲ့ အုပ်ချုပ်ရေးဌာနမှာရှိတဲ့ စည်းကမ်းချက်တွေအတိုင်း လျှောက်ထားပြီး ကျင်းပလို့ရတယ်လို့ ကချင်ပြည်နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ ဒုညွှန်ကြားရေးမှူး ဦးတင့်နိုင်က ပြောပါတယ်။
#voiceofmyanmar #VOM #မြစ်ကြီးနား

Related posts

Leave a Comment

VOM News

FREE
VIEW