တောင်ကြီးမြို့က စားသောက်ဆိုင်တွေကို ဆိုင်ထိုင်စားခွင့်ပြုမယ်

ဒီဇင်ဘာ ၂၂-၂၀၂၀
နေနန်းနွယ်(VOM)

တောင်ကြီးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်တွေနဲ့ လက်ဖက်ရည်ဆိုင်တွေကို ဒီဇင်ဘာ ၂၃ ရက်နေ့ကစပြီး ဆိုင်ထိုင်စားသောက်စနစ်နဲ့ပြန်လည် ရောင်းချခွင့်ပြုတော့မှာ ဖြစ်ပါတယ်။

“ပြင်ဆင်ရမယ့် သတ်မှတ်ချက် (၄၀) ကျော်နဲ့အညီ ကျွန်တော်တို့က ဖွင့်ခွင့်ပြုသွားမှာပါ။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့စည်းကမ်းချက်တွေနဲ့အညီ စားသောက်ဆိုင်တွေ ပြန်လည်ဖွင့်လှစ်ဖို့ လိုက်နာဆောင်ရွက်ရမယ့်အချက်တွေနဲ့အညီ ဖွင့်ခွင့်ပြုသွားမှာပါ။ မနက်ဖြန် စဖွင့်ခွင့်ပြုတော့မယ်ဆိုတာကိုတော့ ကျွန်တော်တို့အနေနဲ့ မနေ့ကမှ ညွှန်ကြားချက်ရတာပါ။ သူတို့တွေကို အဆင့် A ရယ် B ရယ် C ရယ်ဆိုပြီး (၃) ဆင့် ခွဲထားပါတယ်။ အဲ့ဒီ စစ်ဆေးတဲ့အဖြေပေါ်မူတည်ပြီး ဆိုင်ဆစ်ဆိုင်ကို ဖွင့်ခွင့်ပြု၊မပြု ဆုံးဖြတ်မှုဖြစ်ပါတယ်။ အဲ့ဒီအထဲမှာမှ A အဆင့်ရတဲ့ဆိုင်တွေကတော့ ပြည့်စုံတယ်ပေါ့။ B အဆင့်ဆိုင်တွေကိုတော့ လောလောဆယ်ဖွင့်ခွင့်ပေးထားမယ်။ C အဆင့်တွေကိုတော့ ဖွင့်ခွင့်မပေးသေးပါဘူး။ ပြီးတော့ လိုအပ်တာတွေ ထပ်မံညွှန်ကြားချက်ပြီးတော့ လိုအပ်ချက်တွေကို ထပ်ဖြည့်ခိုင်းဖို့ရှိပါတယ်။ စည်းကမ်းမလိုက်နာတဲ့ ဆိုင်တွေကိုတော့ တစ်ပတ် ဒါမှမဟုတ် နှစ်ပတ် ရောင်းခွင့်မပေးဘဲ ပြန်ပြီးပြင်ဆင်ခိုင်းမယ်။ ဆိုင်တွေကလည်း အရမ်းများတဲ့အပြင် လိုက်နာရမယ့် စည်းကမ်းတွေကလည်းများတယ်ဆိုတော့ တစ်ရက်နှစ်ရက်အတွင်း ချက်ချင်းပြီးအောင် လုပ်ဖို့ကတော့ မလွယ်ဘူးပေါ့၊ ကျွန်တော်တို့ အတတ်နိုင်ဆုံး ဆိုင်တွေကိုစစ်ဆေးပြီးတော့မှ ဆိုင်တွေ အမြန်ဖွင့်ခွင့်ရဖို့ ဆောင်ရွက်ပေးနေပါတယ်” လို့ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းအောင်လင်းက ပြောပါတယ်။

ဒီဇင်ဘာလ ၂၃ ရက်နေ့က စပြီး A အဆင့် နဲ့ B အဆင့်သတ်မှတ်ထားတဲ့ဆိုင်တွေမှာ ဆိုင်ထိုင်စားသောက်စနစ်နဲ့ ပြန်လည်ရောင်းချခွင့် ပြုတော့မှာဖြစ်ပြီး C အဆင့်ရတဲ့ ဆိုင်တွေကတော့ လိုအပ်တာတွေကို ထပ်မံဖြည့်စည်းပေးရမှာဖြစ်ပါတယ်။

စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ Version (2) နဲ့အညီ သတ်မှတ်ချက်တွေနဲ့ ပြန်လည်ရောင်းချခွင့်ပြုမယ်လို့သိရပါတယ်။

စည်းကမ်းချက်မလိုက်နာတဲ့ စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေကိုတော့ တစ်ပတ် သို့မဟုတ် နှစ်ပတ် ပြန်လည်ပိတ်ခိုင်းပြီး ပြင်ဆင်မှုတွေပြုလုပ်ခိုင်းမယ်လို့ သိရပါတယ်။

တောင်ကြီးမြို နဲ့ အေးသာယာမြို့သစ်တို့မှာတော့ စားသောက်ဆိုင်စုစုပေါင်း ခန့်မှန်းခြေ ၂၀၀ ဝန်းကျင်ရှိတယ်လို့သိရပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်ရောဂါပိုးတွေ့လူနာ စုစုပေါင်း (၇၈၂) ဦး၊ သေဆုံးသူ (၃) ဦးနဲ့ ဆေးရုံကနေဆင်းခွင့်ရသူ (၆၂၆) ဦးရှိပြီဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #တောင်ကြီး #ဆိုင်ထိုင်စားခွင့်ပြုမယ်

Related posts

Leave a Comment

VOM News

FREE
VIEW