ဧရာဝတီမြစ်ကမ်းဘေးမှာ ရှေးဟောင်းရွှေထည်ပစ္စည်းတွေ မကြာခဏတွေ့နေ

ဒီဇင်ဘာ ၂၂-၂၀၂၀
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောင်းဖြူကျေးရွာရဲ့အနောက်ဖက် ဧရာဝတီမြစ်ကမ်းဘေးနေရာမှာ ဒီဇင်ဘာ ၉ရက်နေ့ကနေ မနေ့ ဒီဇင်ဘာ ၂၁ အထိ ရှေးဟောင်းရွှေထည်ပစ္စည်းတွေ မကြာခဏ တွေ့နေရတယ်လို့ သိရပါတယ်။

” ဧရာဝတီမြစ်ကမ်းဘေးက ရကြတာဖြစ်တယ်၊ ရတဲ့သူတွေက ယဉ်ကျေးမှုနဲ့ သမိုင်းတန်ဖိုးကို အလေးထားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဆီ တာဝန်သိသိ သစ္စာရှိရှိအပ်ပေးကြတယ်”လို့ ရှေးဟောင်းယဉ်ကျေးမှုသုတေသီ ဦးစိုးကပြောပါတယ်။

မနေ့ ဒီဇင်ဘာ ၂၁ မနက်ပိုင်းက စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ဆီကိုလာရောက်ပြီး ရှေးဟောင်း ရွှေထည်ပစ္စည်းတွေ လာရောက်အပ်နှံသူ ဒေါ် စန်းစန်းထွေးနဲ့ ဦးလှမင်းဦးတို့ ၂ ဦးကို ကြိုတင်ဆုကြေးငွေအဖြစ် ငွေကျပ် ၄၁ သိန်းကို ဝန်ကြီးချုပ်က ပေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလို လာရောက်အပ်နှံချိန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က ” ရှေးဟောင်းအမွေအနှစ် ပစ္စည်းတွေကို တန်ဖိုးထားမြတ်နိုးရမှာဖြစ်တယ်၊ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနကို ပေးပို့ပြီး ပညာရှင်တွေရဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ မူလရွှေထည်တန်ဖိုးအပြင် ခေတ်ကာလတန်ဖိုးနဲ့ လက်ရာ အနုစိပ် တန်ဖိုးတို့ကို ပေါင်းစပ်ဖြည့်စွက်ပြီး ထပ်မံလို့ ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေးသွားဖို့ စီစဉ်ဆောင်ရွက်ထားတယ်”လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၄ ရက်နဲ့ ၁၈ ရက်နေ့ကလည်း ရှေးဟောင်းပစ္စည်းနဲ့ ရှေးဟောင်းရွှေထည်ပစ္စည်းတွေ လာရောက်အပ်နှံပေးသူ ဒေသခံ ၁၁ ဦးကိုလည်း ဝန်ကြီးချုပ်က ကြိုတင်ဆုကြေးငွေ ၉၅ သိန်း ၈ သောင်းကျပ်ကို ချီးမြှင့်ပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ စတင်တာဝန်ယူချိန်ကာလကလည်း အရာတော်မြို့နယ်၊ မလဲသာတိုက်နယ်ဘက်မှာ နေအိမ်တိုင်တူးရာကနေ ရှေးဟောင်း ရွှေထည်ပစ္စည်းတွေ တွေ့ရှိခဲ့လို့ အပ်နှံခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့တယ်လို့ သိရပါတယ်။

Photo – စစ်ကိုင်းတိုင်း အစိုးရအဖွဲ့
#voiceofmyanmar #VOM #မြောင်မြို့ #ရှေးဟောင်းရွှေထည်ပစ္စည်း #မကြာခဏတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW