အမှိုက်ကောက်ပေးတဲ့ အိမ်ထောင်စုတွေကို အမှိုက်နဲ့ စားနပ်ရိက္ခာတွေ လဲလှယ်ပေး

ဒီဇင်ဘာ ၂၃-၂၀၂၀
အေးချမ်းသူ(VOM)

ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်မှာ ပတ်ဝန်းကျင်စိမ်းလန်းသာယာရေးအတွက် ရပ်ကွက်အတွင်းရှိ အမှိုက်တွေကိုကောက်ယူပေးတဲ့ အိမ်ထောင်စုတွေကို အမှိုက်နဲ့ စားနပ်ရိက္ခာ လဲလှယ်ပေးတဲ့ အစီအစဉ်ကို ဒီကနေ့မနက်ပိုင်းက We Love Yangonအဖွဲ့ကနေ ပြုလုပ်ခဲ့ပါတယ်။

“အမှိုက်နဲ့ပတ်သက်ရင် သူတို့ဘဝမှာ သန့်ရှင်းသာယာလှပရင် ရောဂါဘယကင်းဝေးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်တာပါ၊ အမှိုက်ကောက်ပေး ရလာတာနဲ့ အမှိုက်နဲ့စားနပ်ရိက္ခာ လဲလှယ်ပေးမယ် အဲ့ဒီလိုပါ”လို့ We Love-Yangon အဖွဲ့ ပတ်ဝန်းကျင် စိမ်းလန်းသာယာရေးကော်မတီ ဒု-ဥက္ကဋ္ဌ ကိုတင်အောင်လတ်က VOMကိုပြောပါတယ်။

မှော်ဘီဈေး၊ အနောင်ချောင်းရှိ အိမ်ထောင်စု ၁၂၀ ကို မိမိနေအိမ်နဲ့ ပတ်ဝန်းကျင်ရှိကောက်ယူရရှိလာတဲ့ အမှိုက်တွေကို အိမ်ရှေ့မှာထားရှိစေပြီး we love yangon အဖွဲ့က စားနပ်ရိက္ခာနဲ့ လိုက်လံလဲလှယ်ပေးတာလည်းဖြစ်ပါတယ်။

အဲ့ဒီအစီစဉ်မှာ တစ်အိမ်ထောင်စုကို ကျပ် ၂၀၀၀၀ ဝန်းကျင်ရှိတဲ့ ဆန် ၆ ပြည် ၂ အိတ်၊ ဆီ ၅၀ သား ၁ ဘူး၊ ခေါက်ဆွဲခြောက် ၃၀ ပါ ၁ ဖာနဲ့ ငါးသေတ္တာ ၅ ဘူး စတဲ့ စားသောက်ကုန်တွေနဲ့ လဲလှယ်လှူဒါန်းပေးခဲ့တာလည်းဖြစ်ပါတယ်။

အစီအစဉ်မှာ ပါဝင်ခဲ့တဲ့ ဦးမြင့်ဦးက “ပတ်ဝန်းကျင်မှာရှိနေတဲ့ အမှိုက်တွေ သန့်ရှင်းသွားသလို မရှိဆင်းရဲသားတွေလည်း လှူဒါန်းသလိုဖြစ်သွားတာပေါ့”လို့ ပြောပါတယ်။

အမှိုက်နဲ့စားနပ်ရိက္ခာ လဲလှယ်တဲ့အစီအစဉ်ကို ပြုလုပ်ခဲ့တာဟာ ၆ကြိမ်တိုင်ခဲ့ပြီဖြစ်ပြီး မနေ့ ဒီဇင်ဘာ ၂၂ရက်နေ့ကလည်း ဒေါပုံမြို့နယ်ရှိ အိမ်ထောင်စု တစ်ရာကျော်ကို စားနပ်ရိက္ခာတွေ လဲလှယ်ပေးခဲ့တယ်လို့ သိရပါတယ်။

We Love-Yangon လူထုအခြေပြုပရဟိတအဖွဲ့ကို စာရေးဆရာမကြီးဒေါ်သန်းမြင့်အောင်က ဥက္ကဋ္ဌ နေရာကနေ တာဝန်ယူပြီး အခုနှစ် မတ်လ ၅ရက်နေ့က စတင်ဖွဲ့စည်းခဲ့ကာ သက်ဆိုင်ရာကဏ္ဍအလိုက် ကော်မတီ ၁၁ ရပ်နဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #အမှိုက်နဲ့စားနပ်ရိက္ခာ #လဲလှယ်ပေး

Related posts

Leave a Comment

VOM News

FREE
VIEW