ကျေးရွာ ၃၄ ရွာ မီးလင်းရေး ဓာတ်အားလိုင်းစိုက်ထူမှု ဒေသခံအချို့ သဘောမတူ

ဒီဇင်ဘာ၂၅-၂၀၂၀
ဂျန်ကိုးလ်-VOM

မကွေးတိုင်း၊ ချောက်မြို့နယ်၊ သန်းပင်(တောင်ရွာ-မြောက်ရွာ)ကျေးရွာနေလူထုက ကျေးရွာပေါင်း ၃၄ ရွာ မီးလင်းရေးအတွက် ယာခင်းထဲက
၁၁ကေဗီဓာတ်အားလိုင်း တိုင်စိုက်ထူမှုကို လက်မခံလို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့တို့ပူးပေါင်းလုံခြုံရေးယူပေးပြီး စိုက်ထူထားရတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

”ဒေသဖွံံ့ဖြိုးရေး လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့် လုပ်ငန်းပြီးစီးအောင် သက်ဆိုင်ရာကုမ္ပဏီနဲ့ပူးပေါင်းဆောင်ရွက်ပြီး ကြီးကြပ်ပေးရတာပေါ့၊ NEPလိုင်းဆွဲတာ တိုင်တွေစိုက်ထူတာ ကြိုးသွယ်တာတွေနဲ့ပတ်သက်ပြီးတောင်သူတွေက လုပ်ငန်းသဘာဝ နားမလည်တော့ ကန့်ကွက်တဲ့အနေအထားတွေရှိခဲ့တယ်”လို့ မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်ကပြောပါတယ်။

သန်းပင်တောင် ကျေးရွာနေ ယာခင်းပိုင်ရှင်အမျိုးသမီးတချို့က လျှပ်စစ်အန္တရယ်ကျရောက်မှာကြောင့် ယာခင်းထဲ လျှပ်စစ်မီးဖြတ်တာ မလိုလားဘဲ လျော်ကြေးငွေတောင်းဆိုခဲ့ကြတာကို တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်း၊ ဦးစိုးဝင်းတို့နဲ့တာဝန်ရှိသူတို့က ကျေးလက်မီးလင်းရေးလုပ်ငန်းစဉ်ကို ရှင်းလင်းပြခဲ့တယ်လို့လည်း သိရပါတယ်။

”သူတို့ရွာတွေလည်း နစ်နာမှုမရှိအောင်နိုင်ငံတော်ကနေပေးနိုင်တဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေထဲကနေ ပံ့ပိုးခဲ့တာတွေရှိပါတယ်၊ ဘယ်လိုမှ နည်းမျိုးစုံနဲ့ဆောင်ရွက်လို့ မရတဲ့အခါကျတော့ မကွေးတိုင်းဒေသကြီးအစိုးရဆုံးဖြတ်ချက်နဲ့ လျှပ်စစ်မီးလင်းရေးဆောင်ရွက်ဖို့ရာအတွက် တာဝန်ရှိသူတွေအားလုံးနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ခဲ့ရတယ်”လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းကပြောပါတယ်။

မြေနေရာမပေးလိုတဲ့ ယာခင်းပိုင်ရှင်တစ်ဦးပြောတာက ” ယာထွန်တဲ့အခါ တိုင်တွေကြောင့်အလုပ်မတွင်သလို လျှပ်စစ်အန္တရယ်ကျမှာ မိုးကြိုးပစ်ခံရမှာတွေကြောက်တယ်၊ သူတို့ တိုင်တခုခုဖြစ်သွားရင်လည်း ကိုယ့်တာဝန်ဖြစ်မှာစိုးတယ် ”လို့ ပြောပါတယ်။

အဲ့ဒီကျေးရွာ၂ရွာအတွင်း၂မိုင်ခန့်ရှည်လျားတဲ့ လျှပ်စစ်မီးတိုင်တွေ စိုက်ထူသွယ်တန်းပြီးရင် အရင်နှစ်ကဘတ်ဂျက်နဲ့ သွယ်တန်းထားတဲ့ကျေးရွာ ၁၅ ရွာနဲ့ချိတ်ဆက်ပြီး အခု ဘဏ္ဍာ
နှစ် ၂၀၂၁ မှာ NEP စီမံကိန်းနဲ့ တိုင်းဒေသကြီးရံပုံငွေတို့ပေါင်းစပ်ကာ ၁၁ကေဗီဓာတ်အားလိုင်းမှ ကျေးရွာပေါင်း ၃၄ ရွာမီးလင်းဖို့ တင်ဒါအောင်တဲ့ ဇေယျကုမ္ပဏီက တည်ဆောက်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ချောက် #ကျေးရွာမီးလင်းရေး #တိုင်စိုက်ထူမှု #ဒေသခံတွေသေဘာမတူ

Related posts

Leave a Comment

VOM News

FREE
VIEW