သက်တမ်းရင့် ထင်းရှုးပင် သောင်းနဲ့ချီဆုံးရှုံးမယ့် အိမ်ယာစီမံကိန်းကို ဒေသခံတွေက ကန့်ကွက်

ဒီဇင်ဘာ ၂၅-၂၀၂၀
နေနန်းနွယ်(VOM)

တောင်ကြီးမြို့နယ်နိမိတ်အတွင်းမှာ ဆောင်ရွက်နေတဲ့ “ပန်းချယ်ရီအိမ်ယာစီမံကိန်း”ဟာ သက်တမ်းရင့်ထင်းရှုးပင် သောင်းနဲ့ချီ ပျက်စီးပျောက်ကွယ်မယ့် စီမံကိန်းဖြစ်တာကြောင့် တောင်ကြီးမြို့ဒေသခံတွေ နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ကန့်ကွက်ကြောင်း စာတင်ထားတယ်လို့ သိရပါတယ်။

“တောင်ကြီးမြို့က မြေအောက်ရေကို အဓိကထားပြီး သုံးစွဲနေရတဲ့အတွက် တောင်ကြီးမြို့အတွက် မြေအောက်ရေရရှိနိုင်ဖို့က အရမ်းအရေးကြီးပါတယ်။ တောင်ကြီးမြို့မှာက ထင်ရှုးတောတွေကလည်း တစ်စတစ်စ အိမ်ယာတွေ ဆောက်လုပ်တာနဲ့ ဌာနဆိုင်ရာတွေကို နေရာပေးရတာနဲ့ပတ်သက်ပြီးတော့ သစ်တောမြေတွေ စွန့်လွှတ်ရတာတွေများလာတာနဲ့အမျှ ထင်းရှုးတောတွေ ဆုံးရှုံးလာပါပြီ၊ အခု စီမံကိန်းလုပ်နေတဲ့နေရာကလည်း တောင်ကြီးမြို့တွင်း မြေအောက်ရေ အဓိကရရှိနေတဲ့ နေရာ (၃) နေရာအနက် တစ်နေရာဖြစ်တဲ့ တောင်ဘက်ဆုံးမှာရှိတဲ့ ၂ မိုင် သစ်တောကွင်းနေရာ ဖြစ်နေပါတယ်။ စီမံကိန်းအနေအထားအရ သူတို့က ထင်းရှုးတောတွေကို ခုတ်ထွင်ရှင်းလင်းပြီးတော့မှ အိမ်ယာအဆောက်အဦးတွေ ဆောက်မယ်ဆိုလို့ရှိရင် တောင်ကြီးမြို့ဟာ ဒီထက်ထိ ရေအခက်အခဲတွေ ကြုံလာရမှာပါ၊ စီမံကိန်းဧရိယာက ပထမတစ်ကြိမ် ဧက ၇၀ ကျော်လို့သိရပါတယ်၊ နောက်ပိုင်း ထပ်ပြီးတော့ ချပေးတာကတော့ ၅၀ ကျော်လို့ သိရပါတယ်၊ စုစုပေါင်း ဧက ၁၂၀ ကျော်ပါ၊ ကျွန်မတို့ တောင်ကြီးမြို့သူမြို့သားတွေ သိထားတာကတော့ အရင်တုန်းက အဲ့ဒီမြေနေရာတွေက သစ်တောမြေလို့သိထားတာပေါ့၊ နောက်ပိုင်း ခု ပန်းချယ်ရီအိမ်ယာစီမံကိန်းဖြစ်လာတာကတော့ ဘယ်လိုလုပ် သစ်တောက စွန့်လွှတ်လိုက်ပြီး ဘယ်လိုဖြစ်သွားတယ်ဆိုတာကိုတော့ ကျွန်မတို့မြို့သူမြို့သားတွေ မသိလိုက်ရပါဘူး” လို့ ရှင်သန်ကမ္ဘာမြေအစိမ်းရောင်ကွန်ယက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တာဝန်ရှိသူ ဒေါ်ချယ်ရီကျော်က ပြောပါတယ်။

ပန်းချယ်ရီအိမ်ယာစီမံကိန်းဟာ လွန်ခဲ့တဲ့ ၅ နှစ်ခန့် အရင်အစိုးရလက်ထက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ထင်ရှုးပင် ၅,၀၀၀ ခန့် ခုတ်ထွင်ရှင်းလင်းထားပြီး ဖြစ်တယ်လို့သိရပါတယ်။

စီမံကိန်းနေရာဟာ တောင်ကြီးမြို့အတွင်း မြေအောက်ရေ အဓိကရရှိနေတဲ့ သစ်တောကွင်းနေရာဖြစ်ပြီး တောင်ကြီးမြို့တွင်း ရေရှားပါးမှုပြဿနာပိုမိုကြုံတွေ့လာနိုင်တဲ့အတွက် အခုလို ကန့်ကွက်ကြတာဖြစ်တယ်လို့ သိရပါတယ်။

ရှေ့ဆက်လုပ်ဆောင်မယ့် ကန့်ကွက်မှုလုပ်ငန်းစဉ်နဲ့ပတ်သတ်ပြီး “သူတို့နေရာမှာ ကမ်ပိန်းသွားလုပ်ဖြစ်မယ်ဆိုရင်လည်း ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်းပဲ ၆ ပေခွာပြီးလုပ်မယ်၊ ကျွန်မတို့ ထင်းရှုးတောတွေ ခုတ်ထွင်ရှင်းလင်းတာကို ကန့်ကွက်တယ်ဆိုတဲ့ စာတန်းတွေမျိုးစုံနဲ့ရေးပြီးတော့မှ ကမ်ပိန်းလုပ်ဖို့တော့ စဉ်းစားထားပါတယ်၊ ကိုဗစ်ကာလရဲ့အခြေအနေနဲ့ သူတို့ဘက်က တုံ့ပြန်လာတဲ့အခြေအနေကို ကြည့်ပြီးတော့မှ ဆက်လက်လုပ်ဆောင်သွားမှာပါ” လို့ ဒေါ်ချယ်ရီကျော်က ပြောပါတယ်။

ဒီဇင်ဘာလ ၁၀ ရက်နေ့က တောင်ကြီးမြို့ဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ လူဦးရေ ၂၀၀၀ ကျော်ခန့် ပူးပေါင်းကာ လတ်မှတ်ရေးထိုးထားတဲ့ ကန့်ကွက်စာကိုလည်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ၊ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် နဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်တို့ကို လိပ်မူပြီး တင်ပြထားတယ်လို့သိရပါတယ်။

အဲ့ဒီလို ကန့်ကွက်စာတွေ တင်ပြထားပေမယ့် အစိုးရနဲ့ စီမံကိန်း ၂ ဖက်စလုံးက တုံ့ပြန်မှု တစ်ခုမှမရှိသေးဘူးလို့ သိရပါတယ်။

#voiceofmyanmar #VOM #တောင်ကြီး #ထင်းရှုးရာချီပျက်စီး #အိမ်ယာစီမံကိန်း #ဒေသခံကန့်ကွက်

Related posts

Leave a Comment

VOM News

FREE
VIEW