မျိုးဗီဇပြောင်းကူးစက်မြန် ကိုဗစ်ရောဂါ ဘင်္ဂလားဒေ့ရှ်မှာ စတင်တွေ့ရှိဆိုတဲ့ သတင်းမှားပျံ့နေ

ဒီဇင်ဘာ-၂၉-၂၀၂၀
ဆွေလင်းထွန်း(VOM)

မျိုးဗီဇပြောင်းကူးစက်မြန် ကိုဗစ်ရောဂါဟာ ဘင်္ဂလားဒေ့ရှ်မှာ စတင်တွေ့ရှိတာဖြစ်တယ်ဆိုတဲ့ သတင်းမှားတခု လူမှုကွန်ယက်မှာ ပျံ့နေပါတယ်။ အဆိုပါသတင်းမှားကို ခေတ်ဘုန်းခ ခေတ်ဘုန်းခဆိုတဲ့ အကောင့်ကနေ လူမှုကွန်ယက်မှာ ဒီနေ့နေ့လယ် ၁ နာရီခန့်က တင်ခဲ့တာဖြစ်ပြီး နှစ်သက်သူ ၃ထောင်ကျော်၊ မှတ်ချက်ရေးသားသူ ၁၅၀ ကျော်နဲ့ ပြန်လည်မျှဝေသူ ၅၀၀ ကျော် ရှိနေတာ ဖြစ်ပါတယ်။

သတင်းမှားမှာ “သက်ဆိုင်ရာအာဏာပိုင်များ သိစေရန်{မျိုးဗီဇပြောင်း ကူးဆက်မြန်} COVID-19 ကပ်ရောဂါသည် ဘင်္ဂလားဒေ့ရှ်၌ စတင်တွေ့ရှိဆိုတဲ့ သတင်းတွေ အချိန်နဲ့တပြေးညီ တက်နေပါတယ် ဒေသအာဏာပိုင်များ သတင်းလက်ဦးမှု ရယူကာ နယ်စပ်မျဉ်းတလျှောက် ပိတ်ဆို့ထားနိုင်ဖို့ပါ” လို့ ရေးသားထားတာ ဖြစ်ပါတယ်။

UK နိုင်ငံမှာတွေ့တဲ့ မျိုးဗီဇပြောင်း ကိုဗစ်ပိုးနဲ့ဆင်တူတဲ့ ရောဂါပိုးကို လွန်ခဲ့တဲ့ နှစ်လကျော်လောက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တွေ့ခဲ့တယ်လို့ Bangladesh Council of Scientific and Industrial Research (BCSIR) က သုတေသန ပညာရှင်တွေက ပြောတယ်ဆိုပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းအချို့မှာ ရေးသားခဲ့တာမျိုး ရှိခဲ့ပါတယ်။ အဆိုပါသတင်းတွေဟာ သတင်းမှားတွေဖြစ်ပြီး သူတို့အနေနဲ့ သုတေသနတွေ လုပ်ဆောင်ဆဲသာဖြစ်ကြောင်းနဲ့ သုတေသနပြီးရင် တွေ့ရှိတဲ့ အဖြေတွေကို တရားဝင်ပြောမယ်လို့ BCSIR ရဲ့ ပြန်ကြားရေးတာဝန်ခံ Md. Abdur Razzak က Anadolu Agency ကို ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ဖြေကြားခဲ့ပါတယ်။

ကူးစက်နှုန်း ၇၀ရာခိုင်နှုန်း ပိုမြင့်တယ်လို့ ပညာရှင်တွေက ပြောထားတဲ့ မျိုးဗီဇပြောင်း ကိုဗစ်ရောဂါကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စတင်တွေ့ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကရော၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရောကပါ အခုချိန်ထိ တရားဝင် ကြေညာထားတာ မရှိသေးပါဘူး။ မျိုးဗီဇပြောင်းလဲလာတဲ့ ကိုဗစ်ရောဂါပိုးကို အခုနှစ် စက်တင်ဘာလအတွင်းက အင်္ဂလန်အရှေ့တောင်ပိုင်းမှာ အစပြုခဲ့ဖွယ်ရှိတယ်လို့ WHO က ပြောကြားခဲ့ပြီး ခုချိန်မှာတော့ ဥရောပနိုင်ငံအနှံ့အပြား၊ ဂျပန်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ကို ပါ ကူးစက်ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #သတင်းတုသတင်းမှား

Related posts

✕
VOM News

FREE
VIEW