နိုင်ငံတကာလေကြောင်းလိုင်းတွေ သတ်မှတ်ရက်အတိုင်း ပြေးဆွဲနိုင်ခြင်းမရှိ

ဒီဇင်ဘာ ၃၁-၂၀၂၀
သိင်္ဂီထွန်း(VOM)

ကိုဗစ်ဆိုင်ရာ အမိန့်ညွှန့်ကြားချက်တွေကို အချိန်တစ်လ ထပ်တိုးလိုက်တာကြောင့် နိုင်ငံတကာလေကြောင်းလိုင်းတွေကို ပြန်လည်ပြေးဆွဲဖို့ကြေညာထားတဲ့ ၂၀၂၁ခုနှစ် ဇန်နဝါရီ ၁ရက်နေ့မှာ ပြေးဆွဲနိုင်ခြင်းမရှိသေးဘူးလို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးမျိုးမင်းဦးကပြောပါတယ်။

“အမိန့်ညွှန်ကြားချက်တွေ တစ်လထပ်တိုးတယ်။ ဒါကြောင့် နိုင်ငံတကာလေကြောင်းလိုင်းတွေပြေးဆွဲမယ့်အစီအစဉ်လည်း ရပ်ထားပါတယ်။ မနက်ဖြန်မှာ စတင်နိုင်ခြင်းမရှိသေးပါဘူး”လို့ ဦးမျိုးမင်းဦးကပြောပါတယ်။

ကမ္ဘာ့နိုင်ငံအများစုမှာ COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်နေတဲ့အပြင် ဗြိတိန်နိုင်ငံမှာ စတင်တွေ့ရှိခဲ့တဲ့ ကူးစက်မြန် ဗီဇပြောင်း COVID-19 ရောဂါပိုးအသစ်ကို အချို့အာရှနိုင်ငံတွေအပါအဝင် အခြားနိုင်ငံတွေကို စတင်ကူးစက်နေကြောင်း တွေ့ရှိရတာဖြစ်ပါတယ်။

အဲ့ဒီလိုတွေ့ရတာကြောင့် မြန်မာနိုင်ငံအတွင်းကို နိုင်ငံတကာလေကြောင်း ခရီးသည်တွေကတစ်ဆင့် COVID-19 ရောဂါပိုး ကူးစက်မှုအန္တရာယ်ကနေ တားဆီးကာကွယ်နိုင်ဖို့အတွက် နိုင်ငံတကာလေကြောင်းတွေ မြန်မာနိုင်ငံဆင်းသက်မှု ယာယီကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်ကို ဇန်နဝါရီလ ၃၁ ရက်နေ့အထိ တိုးမြှင့်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပြည်ပကို မဖြစ်မနေ ကျန်းမာရေးသွားရောက်ကုသမှုခံယူမယ့်သူနဲ့ အလုပ်သွားလုပ်မယ့်သူတွေကိုသာ release flight နဲ့ သွားလာခွင့်ပြုထားတယ်လို့ သိရပါတယ်။

“လုပ်ငန်းတွေရပ်နားထားရတာကြာပါပြီ။ ဟိုဘက်ရက်က ပြည်ပလေကြောင်းတွေ ၁ရက်နေ့ဖွင့်မယ့်သတင်း ဖတ်ရတယ်။ ဒါပေမယ့် အရဲစွန့်ပြီးမလုပ်ရဲလို့ မလုပ်သေးဘဲစောင့်ကြည့်နေတာပါ။ အခုသိရတာ မဆွဲဖြစ်သေးဘူးလို့ သိရတယ်။ ပြည်တွင်းကလည်း ပြေးဆွဲခွင့်ရပေမယ့် ခရီးသွားက မရှိပါဘူး။ ဒါကြောင့် အလုပ်နားတော့ ဝန်ထမ်းတွေကိုလည်း အကျိုးအကြောင်းပြောပြထားရတာပေါ့။ လုပ်ငန်းတွေပြန်လည်ပတ်နေချင်ပါပြီ။ ကိုဗစ်ရောဂါလည်း ကင်းစင်ချင်ပါပြီ”လို့ ပြည်တွင်း၊ပြည်ပ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတစ်ခုရဲ့ တာဝန်ရှိသူကပြောပါတယ်။

ပြည်ပလေကြောင်းလိုင်းတွေ ပြေးဆွဲခွင့်ပြုတဲ့အခါမှာ မြန်မာနိုင်အပါအဝင် အခြားသော ပြည်ပနိုင်ငံတွေက ချမှတ်ထားတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါအတွက် လိုက်နာရမယ့်စည်းကမ်းချက်၊ သတ်မှတ်ချက်တွေကို လိုက်နာပြီး ပြည်ပခရီးစဉ်အားလုံးကို သွားလာနိုင်မှာဖြစ်တယ်ပါတယ်။

Photo – YIA
#voiceofmyanmae #VOM #ရန်ကုန် #နိုင်ငံတကာလေကြောင်း #သက်မှတ်ရက်အတိုင်း #ပြေးဆွဲခြင်းမရှိ

Related posts

Leave a Comment

VOM News

FREE
VIEW