တပ်မတော်က အာဏာသိမ်းလိုက်ပြီလို့ facebook live လွှင့်တဲ့ အမျိုးသမီးကို အမှုဖွင့်

ဇန္နဝါရီ ၄ ၊ ၂၀၂၁
ကိုတိုးကြီး (VOM)

ဇန္နဝါရီ ၃ ရက် ညအချိန် ၇ နာရီ ၄၅ မိနစ်မှာ တပ်မတော်က အာဏာသိမ်းလိုက်ပြီလို့ အင်တာနက် စာမျက်နှာ လူမှုကွန်ယက် facebook ပေါ်မှာ live ထုတ်လွှင့်ခဲ့သူ အမျိုးသမီး တစ်ယောက်ကို ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် ဒလမြို့နယ် ဒလမြို့မရဲစခန်းကအမှုဖွင့် အရေးယူလိုက်တယ်လို့ သိရပါတယ်။

“အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ တရားလိုပြုလုပ်တိုင်တန်းသူ ရဲ့ တိုင်တန်းချက်အရ အမှုဖွင့်ရတာဖြစ်တယ် ၊ (ပ)၁၀ /၂၀၂၁ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၈ (က) နဲ့ဖြစ်တယ် “လို့ ဒလမြို့မရဲစခန်းက အမှုစစ် ရဲအရာရှိတစ်ယောက်က ပြောပါတယ်။

ဒလမြို့ ကျန်စစ်သားရပ်ကွက် ပုဂံလမ်းမှာနေထိုင်တဲ့ ဦးရွှေမျှား (ပဲ့နင်း အငြိမ်းစား)ဆိုသူက တရားလို ပြုလုပ်ပြီး တစ်ရပ်ကွက်တည်းနေ စူဠသုဘဒ္ဒါ လူမှုကွန်ယက် အကောင့်ပိုင်ရှင် ဒေါ်တင်တင်စိုးကိုယ် ဇန္နဝါရီ ၁ ရက်နေ့က “တပ်မတော်က အာဏာသိမ်းလိုက်ပြီ” ဆိုကာ မဟုတ်မမှန် သတင်းတွေ live ထုတ်လွှင့် ပြသ ပြောဆိုတယ်ဆိုပြီး တိုင်တန်းထားတာဖြစ်ကြောင်း ရဲစခန်းက ရဲမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

အဲ့ဒီ တိုင်တန်းချက်အမှုကို ဒလမြို့မရဲစခန်းက အမှုစစ်ရဲအရာရှိ ဒုရဲအုပ် အောင်ကျော်ကျော်က စစ်ဆေးလျက်ရှိပြီး သက်သေခံ ပစ္စည်းတွေနဲ့ ပတ်သက်လို့ အမှုခိုင်မာစွာ တည်ဆောက်နိုင်ရေးအတွက် နေပြည်တော် CID ရဲတပ်ဖွဲ့ထံ ထင်မြင်ချက် ရယူတောင်းခံပြီး တရားစွဲဆိုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ စွပ်စွဲ တိုင်ကြားခြင်းခံရသူ ကာယကံရှင် ဒေါ်တင်တင်စိုးကို VOMက ဖုန်းဆက်သွယ် ခေါ်ဆိုခဲ့ပေမယ့် ခေါ်ဆိုလို့ မရသေးပါဘူး။

#voiceofmyanmar #VOM #ဒလ #တပ်မတော်အာဏာသိမ်းတယ်ပြောဆိုသူအမှုဖွင့်ခံရ

 

Related posts

Leave a Comment

VOM News

FREE
VIEW