တွေ့ဆုံဖို့ နေရာအဆင်မပြေလို့ NLD ပါတီနဲ့ မွန်ညီညွတ်ရေးပါတီ MUPတွေ့ဆုံပွဲ ရပ်နားထားတာနဲ့ပတ်သက်ပြီး MUP ပါတီ ပြောရေးဆိုခွင့်ရှိသူ မွန်တိုင်းရင်းသားခေါင်‌းဆောင် နိုင်လယိတမနဲ့တွေ့ဆုံခြင်း

တွေ့ဆုံဖို့ နေရာအဆင်မပြေလို့ NLD ပါတီနဲ့ မွန်ညီညွတ်ရေးပါတီ MUPတွေ့ဆုံပွဲ ရပ်နားထားတာနဲ့ပတ်သက်ပြီး MUP ပါတီ ပြောရေးဆိုခွင့်ရှိသူ မွန်တိုင်းရင်းသားခေါင်‌းဆောင် နိုင်လယိတမနဲ့တွေ့ဆုံခြင်း

ဒီဇင်ဘာ ၅-၂၀၂၁

NLDပါတီ နဲ့ မွန်ညီညွတ်‌ရေးပါတီ MUP တို့ ဆွေးနွေးပွဲနေရာ ညှိနှိုင်းမှုအဆင်မ‌ပြေလို့ ပွဲပျက်သွားခဲ့ပြီးနောက် မွန်‌တိုင်းရင်းသားတို့ရဲ့ အနာဂတ် ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေး မျှော်လင့်ချက် ရပ်တည်ချက် ဘုံသဘောတူညီချက်တွေကို မွန်ညီညွှတ်ရေးပါတီပြောရေးဆိုခွင့်ရှိသူ၊ တွေ့ဆုံရေးအဖွဲ့ခေါင်းဆောင်လည်းဖြစ်တဲ့ နိုင်လယိတမနဲ့ မန္တလေးအခြေစိုက်သတင်းဌာန Voice Of Myanmar သတင်းထောက် ကိုကောင်းလက်ျာနဲ့ သီးခြားတေ‌ွ့ဆုံမေးမြန်းထားတာပါတယ်။

VOM- လက်ရှိအာဏာရ NLD ပါတီနဲ့ မွန်ညီညွတ်ရေးပါတီတို့ ဇန်နဝါရီ ၄ ရက်က တွေ့ဆုံဆွေးနွေးပွဲ ပျက်သွားတဲ့ အခြေအနေကို ပြောပြပေးပါဦး။

NLYTM-နေရာအဆင်မပြေသေးလို့ ပွဲပျက်ပြီလား ဆိုတာက လက်ရှိအချိန်အထိ NLD ပါတီက အကြောင်းမပြန်ဘူး။ ကျွန်တော်တို့ဘက်ကတတိယနေရာတစ်ခုမှာ တွေ့ဆုံဖို့ စီစဉ်ပေးပါဆိုပြီး သုံးကြိမ် မေတ္တာ ရပ်ခံထားတာပါ။ ဆွေးနွေးပွဲဖျက်မလား မဖျက်ဘူးလားဆိုတာကို ခုထိလည်း အကြောင်းပြန်မလာသေးတာပါ။ ကျွန်တော်တို့ကတော့ ဖျက်သိမ်းဖို့ မဆုံးဖြတ်ထားပါဘူး။

VOM-သူတို့ဘက်ကတော့ မီဒီယာတချို့ကို ဖြေကြားထားတာက ပါတီညွန်ကြားချက်အရ ပြည်နယ်ရုံးချုပ်နေရာမှာပဲ တွေ့နိုင်တယ်လို့ဖြေထားတယ်။ ဒါဆို MUP ဘက်က တတိယနေရာတစ်ခုလို့ပဲ တောင်းဆိုထားတာဖြစ်လို့ ပျက်ပြီလို့ ပြောလို့ရနိုင်လား။

NLYTM – သူတို့လည်း ရန်ကုန်ပြန်သွားပြီလို့ ဆိုနိုင်ပြီဖြစ်လို့ လက်တစ်လော ဆွေးနွေးမယ့်အစီအစဉ် ပျက်ပြားသွားပြီလို့ ပြောလို့ရပါပြီ။ ဒါနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင် ပါတီအချင်းချင်း အပြန်အလှန်လေးစားမှုရှိတယ်ဆိုရင် သူတို့ဘက်က အဆင်ပြေမှုမရှိတာကြောင့် ဆွေးနွေးပွဲပျက်ပြားတယ်ဆိုတာမျိုးကို ကျွန်တော်တို့ဘက်ကို ပြန်လည် အကြောင်းပြန်ကြားပေးရမယ်လို့ ယူဆပါတယ်။

VOM-တကယ်လို့များ တွေ့ဆုံရေးအစီအစဉ်ဟာ ပျက်ပြားသွားပြီလို့ NLD ဘက်က အကြောင်းပြန်လာရင် ဆရာတို့ ဘာဆက်လုပ်မလဲ။

NLYTM-ဘာဆက်လုပ်မလဲဆိုတာက ရှေ့ဆက် ဆွေးနွေးပွဲတွေဖြစ်လာမယ်၊ မလာဘူးဆိုတာက NLD ပါတီရဲ့ သဘောဆန္ဒအပေါ် မူတည်နေပြီဆိုရပါမယ်။ ဒါပေမယ့် ပြည်ထောင်စုကြီးအတွက် အကျိုးရှိမယ်ဆိုရင် မိမိတို့ပါတီဘက်ကတော့ မည်သည့် အဖွဲ့အစည်းမဆို မည်သည့် ပါတီမဆို တွေ့‌ဆုံ‌ဆွေ‌းနွေး အဖြေရှာတဲ့နည်းလမ်းကို သွားမှာပါ။

VOM-နောက်တစ်ကြိမ် အဆင်ပြေတဲနေရာမှာ ပြန်တွေ့မယ်ဆို ဆရာတို့ပါတီက NLD ပါတီနဲ့တွေ့ဖို့ ဘယ်လိုမူဝါဒတွေနဲ့သွားဖို့ ဆုံးဖြတ်ထားလဲ။

NLYTM – NLDပါတီက တိုင်းရင်းသားပါတီ ၄၈ ခုကို ပေးပို့ထားတဲ့စာပါမူတွေအရ တိုင်းရင်းသားတွေအသံ နားထောင်မယ်။ တိုင်းရင်းသားတွေရဲ့မျှော်လင့်ချက်‌တွေနဲ့ ဘုံသဘောတူညီချက်တွေရအောင်သွားမယ့်သဘောမြင်ရတဲ့အတွက် အဲ့ဒီအပေါ်မှာပဲ တွေ့ဆုံဆွေးနွေးသွားမှာပါ။

VOM-မွန်တိုင်းရင်းသားတွေရဲ့မျှော်လင့်ချက်နဲ့ မွန်ညီညွှတ်ရေးပါတီရဲ့ပန်းတိုင်က ဘာတွေဖြစ်မလဲ။

NLYTM – ဖယ်ဒရယ်စနစ်ကို‌ ဘုံရည်မှန်းချက်ထားတာကြောင့် MUP က ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ပါ ဂတိကဝတ်တွေနဲ့ အခြေခံမူတွေအတိုင်းဖြစ်လာဖို့ပါ။ နောက်တစ်ချက်က ၁၉၄၇ မေလ၂၃ ရက်နဲ့၂၄ ရက်နေ့မှာကျင်းပခဲ့တဲ့ ဖ.ဆ.ပ.လ ပဏာမညီလာခံ သဘောတူညီချက်အခြေခံမူ ၁၄ ချက်။ ၁၉၄၇ ဇွန်လ ၁၆ ရက်က ကျင်းပခဲ့တဲ့ တိုင်းပြုပြည်ပြုလွှတ်တော်ရဲ့ အခြေခံမူဝါဒ ၇ ချက်အပေါ်မှာပဲ မူတည်
ပြီး အနာဂတ်ဖယ်ဒရယ်ပြည်ထောင်စုကို ရှေ့ဆက်သွားဖို့ ရည်မှန်းချက်ပန်းတိုင်တစ်ခုပါ။

VOM-တပ်မ‌တော်အစိုးရက၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့၂၀၁၀ ‌အထွေထွေရွေးကောက်ပွဲကျင်းပချိန်ကစတင်ပြီး မွန်ပါတီတွေ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ‌ရွေးကောက်ပွဲမှာ မွန်ပါတီကြီးနှစ်ခု ပေါင်းစည်းနိုင်ခဲ့တာကိုမြင်ရတယ်။ ဘယ်အချိန်မှာပေါင်းစည်းခဲ့ကြတာလည်းဆိုတာကို သိချင်ပါတယ်။

NLYTM-တစ်နိုင်ငံလုံးက မွန်တိုင်းရင်းသားတွေရဲ့မျှော်လင့်ချက်၊ ယုံကြည်ချက်တွေကို ရှေးရှူပြီး၂၀၁၈ ခုနှစ် စက်တင်ဘာလောက်ကျတော့ မူအားဖြင့်သဘောတူညီချက်တွေ ရခဲ့တာကြောင့် စတင်ပေါင်းစည်းနိုင်ခဲ့ပြီး ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ကျလာတာကတော့ ၂၀၁၉ ခုနှစ် ဇူလိုင်လမှာဖြစ်ပါတယ်။

VOM- အခုလို အင်အားကြီး မွန်ပါတီကြီး ၂ ခု ပေါင်းစည်းပြီး ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ရာမှာ ကိုယ်စားလှယ်နေရာ ၁၂ နေရာ အနိုင်ရတယ်။ တကယ်လို့ NLD ပါတီနဲ့တွေ့ရင် မွန်ပြည်နယ်လွှတ်တော်နဲ့ အစိုးရအဖွဲ့အတွက် ဘာတွေတောင်းဆိုဖို့ရှိသလဲ။ နောက်တစ်ခု မွန်တိုင်းရင်းသားတွေအကျိုးအတွက် ဘယ်လိုပူးပေါင်းဆောင်ရွက်ဖို့ ဆုံးဖြတ်ထားလဲ။

NLYTM-ကျွန်တော်တို့နိုင်ငံက လက်ရှိမှာ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပြိုကွဲနေပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးမတည်ဆောက်နိုင်သေးတဲ့ အခြေအနေမျိုးပါ။ ဒါကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ‌်ရေးတည်ဆောက်ရာမှာ ကျရာကဏ္ဍက ပူးပေါင်းပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါမှသာ အနာဂတ်မှာမျှော်မှန်းထားတဲ့ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးနဲ့ အားလုံးကလက်ခံတဲ့ ဖယ်ဒရယ်နိုင်ငံကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
နောက်ဆက်တွဲမေးခွန်းဖြစ်တဲ့ လွှတ်တော်နဲ့အစိုးရအဖွဲ့မှာ ပါဝင်မယ်၊ မပါဝင်ဘူးဆိုတာကတော့ ရွေး‌ကောက်ပွဲမှာ အပြတ်သတ်အနိုင်ရရှိထားတဲ့ ပါတီလည်းဖြစ်၊ လက်ရှိအာဏာရပါတီလည်းဖြစ်တယ့်NLD က ကမ်းလှမ်းလာမှသာ ထည့်သွင်းစဉ်းစားသွားမှာဖြစ်ပါတယ်။

VOM-မွန်ညီညွှတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ အနေနဲ့ ခုနက ပြောခဲ့တာတွေအပြင် ဖြည့်ပြောချင်တာလေးတွေရှိရင် ပြောပြပေးပါဦး။

NLYTM – အထူးတလည်မရှိပေမယ့် တိုင်းရင်းသားပါတီ ၄၈ ပါတီကို NLDပါတီက ပေးပို့ထားတဲ့ စာထဲပါတဲ့ တိုင်းရင်းသားပါတီတွေနဲ့ဘုံသဘောတူညီချက် တည်ဆောက်သွားမယ်ဆိုတဲ့အချက်ကို ကြိုဆိုတယ်။ ဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်။ ထုတ်ပြန်ထားတဲ့အတိုင်းကိုလည်း ရိုးရိုးသားသား မှန်မှန်ကန်ကန် စေတနာရှိရှိနဲ့လုပ်မယ်ဆို အများကြီးအကျိုးရှိလာပါလိမ့်မယ်။ အနာဂတ်မှာ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဖယ်ဒရယ်နိုင်ငံတည်ဆောက်ရေးမှာ အများကြီး‌အထောက်အကူဖြစ်မယ်လို့ပြောချင်ပါ တယ်။

#voiceofmyanmar #VOM #MUPပါတီ #NLDပါတီ #တွေ့ဆုံပွဲကိစ္စ

Related posts

Leave a Comment

VOM News

FREE
VIEW