စစ်ဘေးရှောင် ၁၀၀၀ နီးပါးရှိလာတဲ့ ကျောက်မဲမြို့

ဇန်နဝါရီ ၆-၂၀၂၁
နေနန်းနွယ်(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူ အယောက် ၁၀၀၀ ဝန်းကျင်ရှိနေပြီလို့ သိရပါတယ်။

“တိုက်ပွဲဖြစ်တာကတော့ ၃ ကြိမ်မြောက်တော့ရှိပြီ၊ RCSS နဲ့TNLA နှစ်ဖွဲ့အကြားဖြစ်တာပေါ့၊ လောလောဆယ် ကျောက်မဲမှာ စစ်ဘေးရှောင်က အယောက် ၁၀၀၀ နီးပါးတော့ရှိနေပြီ၊ စခန်းကတော့ ၄ နေရာဖွင့်ထားပါတယ်၊ အခုကတော့ အလှူရှင်တွေ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ပြည်တွင်းပြည်ပအလှုရှင်တွေရဲ့အကူအညီနဲ့ လိုအပ်တာတွေတော့ လုံလုံလောက်လောက် ရှိလာပါပြီ၊ အစတုန်းကတော့ ရာသီဥတုကလည်း အရမ်းအေးတော့အဝတ်အစားတွေဘာတွေ အလှူခံရပါတယ်၊ အနွေးထည်နဲ့ စောင်တွေလိုလို့ အလှူခံလိုက်တာ အဲ့ဒါတွေ အများကြီး လှူလာကြပြီး စားနပ်ရိက္ခာဘက်မှာတော့ နည်းနည်းလျော့သွားပါတယ်၊ လောလောဆယ်ရိက္ခာလုံလောက်ပေမယ့် ရက်ကြာလာရင် ခက်ခဲလာနိုင်ပါတယ်။ စာရင်းက လျော့လိုက် တိုးလိုက်မို့ အတိအကျတော့ မပြောနိုင်ပေမယ့် မနေ့ညကထိတော့ ၉၅၂ ယောက်ပေါ့၊ တက်လာလိုက်ကျသွားလိုက်ဆိုတော့ အယောက် ၁၀၀၀ ဝန်းကျင်လို့ပြောလို့ရပါတယ်၊ စစ်ဘေးရှောင်တွေရှိပေမယ့် ကျောက်မဲမြို့ထဲထိ‌တော့ မ‌ရောက်သေးဘူး၊ အနီးနားက အုံးငန်းရွာမှာ 100 ကျော် ခိုလှုံနေတယ်လို့ သိရတယ်”လို့ ပလောင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ (ငွန်တ‌အာင်း)လူမှုရေးရာဥက္ကဋ္ဌ ဦးအုန်းမောင်က ပြောပါတယ်။

ဒီဇင်ဘာလ ၂၅ရက်နေ့က ဖြစ်ပွားခဲ့တဲ့ RCSS နဲ့TNLA အကြား တိုက်ပွဲ ၃ ကြိမ်မြောက်အပြီး ဒေသခံ အိမ်ခြေပေါင်း ၃၀၀ ဝန်းကျင်နဲ့ လူဦးရေ ၁၀၀၀ နီးပါးဟာ စစ်ဘေးတိမ်းရှောင်ခဲ့ကြတယ်လို့သိရပါတယ်။

ဒီဇင်ဘာလ ၄ ရက်နေ့ကလည်း ကျောက်မဲမြို့နယ်၊ ကော့ဆန်မှာ RCSS နဲ့TNLA အကြား တိုက်ပွဲတစ်ကြိမ် ထပ်ဖြစ်ထားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ကျောက်မဲမြို့နယ်မှာ စစ်ဘေးရှောင်စခန်း (၄) နေရာ ရှိပြီး ကျောက်မဲမြို့၊ပိန္နဲကုန်းရွာ သာသနာ့ဝံသကျောင်း၊ ပိန္နဲကုန်းရွာ စာသင်ကျောင်း၊ အမှတ် (၈) ရပ်ကွက် သန္တိသုခဓမ္မာရုံနဲ့ အောင်မင်္ဂလာဘုန်းကြီးကျောင်းစတဲ့ နေရာ ၄ ခုမှာ စစ်ဘေးရှောင်ပြည်သူ အယောက် ၁၀၀၀ ဝန်းကျင် ခိုလှုံနေတယ်လို့ သိရပါတယ်။

“တိုက်ပွဲဖြစ်တဲ့နားမှာက လွယ်အံ၊ ကောင်းခါး၊ ပန်မခုံ၊ ခုံငင်း၊ ပန်လောနဲ့မန်ဆပ်ရွာတွေ ရှိတယ်၊ ကျောက်မဲမြို့နဲ့အနီးဆုံးကတော့ လွယ်အံပေါ့၊ အခုက RCSS နဲ့ TNLA ကြားမှာ တိုက်ပွဲထပ်ဖြစ်လာနိုင်ချေလည်းရှိလို့ ထပ်ဖြစ်လာမှာလည်းစိုးလို့ အခုလို ထွက်ပြေးတိမ်းရှောင်နေကြတာပါ”လို့ ကျောက်မဲမြို့နယ် စစ်ဘေးရှောင် ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူများအနက် ရဟန်း၊ ကိုရင် ၊ အသက် ၈၀ ကျော်သက်ကြီးရွယ်အိုတွေ ၊ ကိုယ်ဝန်ဆောင်မိခင်တွေအပြင် လသားအရွယ် ကလေးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ လွယ်အံတင်းကျေးရွာအုပ်စုမှာ ကျေးရွာပေါင်း ၆ ရွာ၊ အိမ်ထောင်စုပေါင်း ၃၀၀ ကျော်၊ လူဦးရေ ၂၀၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲရှောင်စခန်းမှာနေတဲ့သူတွေ စားသောက်နေထိုင်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကိုတော့ တိုက်ပွဲရှောင်ကော်မတီ၊ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာန၊ ကြက်ခြေနီအသင်းနဲ့ပရဟိတအဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကျောက်မဲ #စစ်ဘေးရှောင်

Related posts

Leave a Comment

VOM News

FREE
VIEW