ဒေါ်နယ်ထရန့်ထောက်ခံသူတွေ ပါလီမန်ကိုဝင်စီး၊ ဝါရှင်တန်ဒီစီမှာ ညမထွက်ရအမိန့်ထုတ်ပြန်ထားရ

ဝါရှင်တန်၊ ဇန်နဝါရီ-၇-၂၀၂၁
မျိုးဆက်(VOM)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို ထောက်ခံသူတွေဟာ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ရွေးကောက်ပွဲအနိုင်ရလဒ်ကို လွှတ်တော်အမတ်တွေ အပြီးသတ်ရေတွက်အတည်ပြုနေတဲ့ ပါလီမန်အဆောက်အဦကို ဝင်ရောက်စီးနှင်းခဲ့ကြပါတယ်။

ဒီလိုဝင်ရောက်စီးနှင်းမှုကြောင့် မဲရလဒ်အတည်ပြုနေတဲ့ လုပ်ငန်းစဉ်ခေတ္တဆိုင်းငံ့ခဲ့ရပေမယ့်လည်း အခြေအနေ ပြန်လည်တည်ငြိမ်ပြီးနောက် ကွန်ဂရက်က ပြန်လည်စတင်ခဲ့ပါတယ်။

ထရန့်ထောက်ခံသူလူအုပ်ကြီးဟာ ရဲတပ်ဖွဲ့ရဲ့အတားအဆီးတွေကို ဖြတ်ကျော်ပြီး အဆောက်အဦရဲ့ လသာဆောင်သို့ဝင်ရောက်ခဲ့ကာ နောက်ပိုင်းမှာတော့ အထက်လွှတ်တော်၊ အောက်လွှတ်တော်နဲ့ လွှတ်တော်အမတ်အချို့ရဲ့ ရုံးခန်းတွေကိုပါ ထိုးဖောက်ဝင်ရောက်ခဲ့ကြပါတယ်။

ဖြစ်စဉ်ကြောင့် အမျိုးသမီးတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး နောက်ပိုင်းမှာ သေဆုံးသွားတယ်လို့ အမေရိကန်သတင်းဌာနတွေက ဖော်ပြထားပြီး ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲကပြောပါတယ်။

ဝါရှင်တန်မြို့တော်ဝန်က ညမထွက်အရအမိန့်ထုတ်ပြန်ထားပြီး နယ်မြေလုံခြုံရေးအတွက် အဓိကရုဏ်းရဲတပ်ဖွဲ့နဲ့ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်တွေကို ဖြန့်ကြက်ချထားလိုက်ပါတယ်။

ဒီဖြစ်စဉ်ဟာ အမေရိကန်ဒီမိုကရေစီကို ခြိမ်းခြောက်မှုရဲ့ အရိပ်လက္ခဏာဖြစ်ကြောင်း အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်းဒင်က ထုတ်ဖော်ပြောဆိုပါတယ်။

ဒေါ်နယ်ထရန့်ဟာ သူ့ကိုထောက်ခံသူတွေကို ဝါရှင်တန်ဒီစီမှာ အကြီးအကျယ်ဆန္ဒပြဖို့ ကနဦး တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဆန္ဒပြလူအုပ်ကြီးအနေနဲ့ အိမ်ပြန်ကြဖို့ တိုက်တွန်းခဲ့ပြီး ရွေးကောက်ပွဲမဲမသမာမှုတွေနဲ့ ပတ်သက်ပြီး သူက ထပ်မံပြောဆိုခဲ့ပါတယ်။

Ref : NHK
Photo:Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW