ကချင်ပြည်နယ်မှာ ၂၀၂၀အတွင်း ယာဉ်တိုက်မှုကြောင့် လူ ၂ ရာကျော် သေဆုံး

ဇန်နဝါရီ ၉ -၂၀၂၁
ကိုတိုးကြီး(VOM)

ကချင်ပြည်နယ်တစ်ခုလုံးမှာ ၂၀၂၀ တစ်နှစ်တာကာလအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုတွေကြောင့် လူ ၂ ရာကျော်သေဆုံးပြီး ၊ ဒဏ်ရာရသူ လူ ၅ ရာကျော်ရှိခဲ့တယ်လို့ အမှတ်(၁၅) ယာဉ်ထိန်းရဲတပ်ဖွဲ့ မြစ်ကြီးနား ဒု-တပ်ဖွဲ့ခွဲမှူးရုံးကနေ သိရပါတယ်။

ကချင်ပြည်နယ်ရဲ့ နေရာဒေသအများစုမှာ ဆိုင်ကယ်ကို အဓိကထားပြီး အသုံးပြုတဲ့ လူဦးရေ များပြားလာတဲ့အတွက် ၂၀၂၀ခုနှစ်အတွင်း ယာဉ်မတော်တဆမှုဖြစ်စဉ် ၄၃၂ မှုဖြစ်ပွားတဲ့အထဲက ဆိုင်ကယ်နဲ့ ဖြစ်ပွားခဲ့ရတဲ့ ယာဉ်တိုက်မှုဖြစ်စဉ်ဟာ ၂၁၆ မှုရှိပါတယ်။

ဆိုင်ကယ်နဲ့ဲဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုတွေကြောင့် သေဆုံးသူ ၁၁၃ ယောက်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၈၈ ယောက်အထိ ရှိခဲ့ပါတယ်။

ဒါ့အပြင် ကားနဲ့ပတ်သက်ပြီး မတော်တဆမှု ၂၁၆ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၈၉ ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၂၇၂ ယောက်အထိ ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒါကြောင့် ၂၀၂၀ ရဲ့ တစ်နှစ်တာကာလမှာ ကချင်တပြည်နယ်လုံး ယာဉ်မတော်တဆမှုဖြစ်စဉ် ၄၃၂ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၀၂ ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၅၆၀ ယောက်ရှိခဲ့တယ်လို့ အမှတ် ၁၅ ယာဉ်ထိန်းရဲတပ်ဖွဲ့ မြစ်ကြီးနား ဒု-တပ်ဖွဲ့ခွဲမှူးရုံးရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

” ယာဉ်မတော်တဆမှု ဖြစ်စဉ်တွေကြောင့် အမျိုးသား ၁၆၈ ယောက်နဲ့ အမျိုးသမီး ၃၄ ယောက်ရှိပါတယ် ၊သေဆုံးသူအားလုံး ၂၀၂ ယောက်ရှိတယ် “လို့ ဒု-တပ်ဖွဲ့ခွဲမှူး ရဲမှူးရဲလွင်က ပြောပါတယ်။

ကချင်ပြည်နယ်မှာ ၂၀၁၉ခုနှစ်ကထက် ၂၀၂၀ ရဲ့ ယာဉ်အသုံးပြုသူနဲ့ ယာဉ် အရေအတွက်ဟာ ၃ ဆခန့် တိုးမြင့်လာခဲ့ပြီး ၂၀၂၀ တစ်နှစ်တာ ကာလရဲ့ ယာဉ်တိုက်မှုဖြစ်စဉ်ဟာ ၂၀၁၉ ယာဉ်တိုက်မှုဖြစ်စဉ်အောက် သိသိသာသာ လျော့နည်းကျဆင်းသွားတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ကချင် #၂၀၂၀ #ယာဉ်တိုက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW