သမ္မတရုံးသတင်းစာရှင်းလင်းပွဲက ကောက်နုတ်ချက်

ဇန်နဝါရီ ၉-၂၀၂၁
ကိုထွန်း+ဆွေလင်းထွန်း(VOM)

ဇန်နဝါရီ ၈ ရက်နေ့က သမ္မတအိမ်တော်အနီး ရှင်းလင်းဆောင်သစ်မှာ ပြုလုပ်ခဲ့တဲ့ Press Briefing မှာ မန္တလေးက ရှေ့နေဦးဇော်ဝိတ်က သမ္မတဦးဝင်းမြင့်ကို တရားစွဲဆိုထားတဲ့ကိစ္စနဲ့ ဇန်နဝါရီ ၂၉ ရက်နေ့မှာ စာချွန်လွှာကြားနားမည့်ကိစ္စတွေအပေါ် အစိုးရ သဘောထားသိလိုကြောင်း VOM သတင်းထောက်ရဲ့ မေးမြန်းမှုကို နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက အောက်ပါအတိုင်း ဖြေကြားခဲ့ပါတယ်။

“ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၇ ပုဒ်မခွဲ(ခ)အရ သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိလ်တို့ဟာ ပါတီစည်းရုံးရေးလုပ်ငန်းတွေ၊ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်ခွင့်ရှိတယ်၊ ဒီလိုဆောင်ရွက်တာဟာဥပဒေနဲ့ညီညွတ်တယ်လို့ပြောလိုပါတယ်”

ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၇ ပုဒ်မခွဲ(ခ)ကို ဗိုလ်ချူပ်မှူးကြီးသန်းရွှေက ၂၀၁၀ ခုနှစ်အောက်တိုဘာလ ၂၁ ရက်နေ့မှာ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ပုဒ်မ ၇ ပုဒ်မခွဲ(ခ)မှာ “ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တစ်ဦး ဦးသည် နိုင်ငံရေးပါတီတစ်ခုခု၏အဖွဲ့ဝင်ဖြစ်လျင်သော်လည်းကောင်း၊ တစ်သီးပုဂ္ဂလရွေးချယ်ခံသူဖြစ်လျင်သော်လည်းကောင်း၊ သီးခြားခန့်အပ်ဆောင်ရွက်ပေးခြင်းခံရသည့် နိုင်ငံသားတစ်ဦးဖြစ်လျင်သော်လည်းကောင်း၊ အဆိုပါပုဂ္ဂိုလ်သည် နောင်လာမည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ရပ်တွင် ပါဝင်ရွေးချယ်ခံမည့်သူဖြစ်ပါက နိုင်ငံသားတစ်ဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈ ပုဒ်မခွဲ(က)အရပေးအပ်ထားသော ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မဆုံးရှုံးစေရန်အလို့ငှာ ရွေးကောက်ပွဲကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာသည့်နေ့မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၀နှင့်၁၂၁ တို့ပါပြဌာန်းချက်များနှင့်ကိုက်ညီလျင် ရွေးကောက်ပွဲဆိုင်ရာပါတီစည်းရုံးရေးလုပ်ငန်းများကိုလည်းကောင်း၊ နယ်မြေစည်းရုံးရေးလုပ်ငန်းများကိုလည်းကောင်း ဆောင်ရွက်ခွင့်ပြုသည်” လို့ ပြဌာန်းထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေဟာလည်း ဥပဒေနဲ့ ညီတယ်လို့ ဦးဇော်ဌေးက ဆက်ပြောပါတယ်။

“ဒုတိယအချက်အနေနဲ့ တင်ပြလိုတာကတော့ ဦးတင်အေး ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ဦးလှသိန်းဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှစ်ခုရဲ့ ထုတ်ပြန်ကြေညာချက်ဖြစ်ပါတယ်။ ကြေညာချက်နှစ်ခုဘာကွာလဲဆိုတော့ ရက်စွဲ၊၂၀၁၅ ခုနှစ် ဇူလိုင်လ ၈ ရက်နဲ့ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁ ရက်၊ ရက်နောက်ကျတာကလွဲပြီး ခေါင်စဥ်ကအစအကုန်တူပါတယ်။ အပိုဒ် ၁ မှာဘာကွာလဲဆိုတော့ ရွေးကောက်ပွဲကျင်းပမယ့်ရက်စွဲရယ်၊ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်ခွင့်ပြုတဲ့ရက်စွဲ ဒါပဲကွာတယ်၊ ဒုတိယစာပိုဒ်မှာရွေးကောက်ပွဲကျင်းပမယ့်ရက်စွဲ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်ခွင့်ပြုတဲ့ရက်စွဲဒါဘဲကွာပါတယ်၊ အောက်အပိုဒ်မှာလက်မှတ်ကွာတယ်။ အားလုံး၏သည်မရွေးအတူတူပါဘဲ၊ နောင်ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာလည်း ဒီလိုလုပ်ခွင့်ရှိတယ်ဆိုတာကိုအသိပေးချင်ပါတယ်။ ဥပဒေနဲ့အညီပါလို့ပြောတဲ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ကြေညာချက်တွေကလည်းရည်ညွှန်းထားတဲ့ ဖွဲ့စည်းပုံပါအခွင့်အရေးတွေ၊ သက်ဆိုင်ရာဥပဒေအခွင့်အရေးတွေနဲ့အညီ ဖြစ်တယ်” လို့ ပြောပါတယ်။

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ခုံရုံးဥက္ကဌတို့ကို စာချွန်တော် လျှောက်ထားတာနဲ့ပတ်သက်ပြီး လျှောက်ထားခံထားရသူတွေအနေနဲ့ စာချွန်တော်ရုံးရှေ့လာဖို့ မလိုဘူးလို့ ဆိုပါတယ်။

“နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နောက်နှစ်ဦးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပါတယ်၊ ခုံရုံးဥက္ကဌပါတယ်၊ စာချွန်တော်ထုတ်ဆင့်ပေးဖို့ပြည်ထောင်စုတရားလွှတ်တော်ချူပ်ကိုဦးဇော်ဝိတ်ကလျှောက်ထားလာတဲ့ကိစ္စဖြစ်ပါတယ်၊ စာချွန်အမိန်လျှောက်ထားတဲ့ဥပဒေနဲ့နည်းဥပဒေအရ ညွှန်ကြားရေးမှူးချူပ်ဟာစာခွန်တော်မိန်ထုတ်ဆင့်ပေးဖို့လျှောက်ထားလွှာနဲ့အတူစာရွက်စာတမ်းတွေ သင့်တော်မှုရှိတယ်ဆိုရင် အထွေထွေဖတ်ကြားမှုပြုလုပ်ရမှာဖြစ်ပါတယ်၊ ပြီးရင်ပြည်ထောင်စုတရားလွှတ်တော်ချူပ်တရားသူကြီးသုံးဦး ပါဝင်ဖွဲ့စည်းထားတဲ့ ကနဦးကြားနာရေးအဖွဲ့က မိမိသဘောအရဖြစ်စေ လျှောက်ထားသူကကြားနာ၍ဖြစ်စေ လျှောက်ထားခံရသူကို အကြောင်းကြားစေဟုကနဦးဆုံးဖြတ်ချက်ချပေးနိုင်ခြင်း၊ ဒါမှမဟုတ်ငြင်းပယ်နိုင်ပါတယ်။ ပြီးရင်လာမယ့်ဇန်နဝါရီလ ၂၉ ရက်နေ့မှာဗီဒီယိုကွန်ဖမ်းရှင်းနဲ့ကြားနာဖို့ဖြစ်တယ် လျှောက်ထားခံရသူလေးဦးလုံးစာချွန်တော်ရုံးရှေ့လာစရာမလိုဘူး အပြင်မှာလူမှုကွန်ယက်မှာရေးနေသလို တရားလွှတ်တော်ချူပ်ကဒီအမှုကို လက်ခံလိုက်ပြီဆိုတာလဲမဟုတ်ပါဘူး၊အက်မစ်ရှင်လုပ်မလုပ်ကိုဇန်နဝါရီ ၂၉ ရက်မှာဆုံးဖြတ်မှာဖြစ်ပါတယ် အမှုလက်ခံတာမဟုတ်ဘူးလို့ပြောလိုပါကြောင်း” လို့ ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁၅ ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၄၃ မှာ နိုင်ငံတော်သမ္မတဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လည်းကောင်း၊ မိမိအားအပ်နှင်းထားသည့်တာဝန်နှင့် လုပ်ပိုင်ခွင့်များကိုကျင့်သုံးဆောင်ရွက်မှု(သို့မဟုတ်)ကျင့်သုံးဆောင်ရွက်သည့်အနေဖြင့် ပြုခဲ့သောပြုလုပ်မှုအတွက် မည်သည့်လွှတ်တော်၊ မည်သည့်တရားရုံးတွင်မျှဖြေရှင်းရန်တာဝန်မရှိကြောင်း ပြဌာန်းထားတာကိုလည်း တွေ့နိုင်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ဟာ ဥပဒေနဲ့မညီတာ ဘာမှ လုပ်ခဲ့တာမရှိဘဲ ရွေးကောက်ပွဲရှုံးတဲ့လူတွေက မဟုတ်တာတွေ ဝေဖန်စွပ်စွဲနေတာဖြစ်ကာ ကိုယ့်နိုင်ငံရေးကိုယ်သတ်နေတာဖြစ်တယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲမှာ မဲရုံဝန်ထမ်းဆရာမတွေကို ပါတီအချို့က မဲမသမာမှုတွေနဲ့ တရားစွဲနေတာတွေနဲ့ ပတ်သက်ပြီး ဆရာမတွေဟာ ကိုဗစ်ရောဂါကြားက မဲရုံဝန်ထမ်းတာဝန်ကို ထမ်းဆောင်ခဲ့ရတာဖြစ်ပြီး ပင်ပန်းကြတဲ့အတွက် ခုလို တရားစွဲတာမျိုး မလုပ်သင့်ဘူးလို့ ဦးဇော်ဌေးက ပြောပါတယ်။

ရခိုင်မှာ ရွေးကောက်ပွဲပြန်လုပ်ဖို့ ပြီးခဲ့တဲ့နေ့က တပ်မတော်က တိုက်တွန်းထားပေမယ့် လုံခြုံရေးအာမခံချက်ကို ဘယ်အဖွဲ့ကမှ မပေးဘူးလို့လည်း အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက ပြောခဲ့ပါသေးတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်နေတာနဲ့ ပတ်သက်ပြီး မြောက်ပိုင်းလေးဖွဲ့နဲ့တွေ့ဆုံဆွေးနွေးဖို့ အစိုးရကအသင့်ရှိနေကြောင်းနဲ့ ခုလထဲမှာ မြစ်ကြီးနား(သို့)ကျိုင်းတုံမှာဆွေးနွေးဖို့ အစိုးရဘက်က ကမ်းလှမ်းထားတယ်လို့လည်း ပြောပါတယ်။

ကိုဗစ် ၁၉ရောဂါ ကာကွယ်ဆေး ဝယ်ယူတာနဲ့ ပတ်သက်ပြီး VOM သတင်းထောက်ရဲ့ မေးမြန်းမှုကိုတော့ အောက်စဖို့ဒ်ရဲ့ Covid Shield ဆိုတဲ့ ကာကွယ်ဆေးကို အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်တာကို ဝယ်ယူမယ်လို့ ဖြေခဲ့ပါတယ်။ ကာကွယ်ဆေးအရေအတွက် သန်း၃၀ ဝယ်ဖို့ရှိပြီး ဒေါ်လာ သန်း၁၅၀ ကျမယ်လို့ ပြောပါတယ်။ ဆေးဖိုးကို ၇၅သန်းနှစ်ကြိမ် ခွဲပေးရမယ်လို့ ဆိုပါတယ်။ အလှူငွေအနေနဲ့ ၁၁၇ ဦးကနေ လှူထားတဲ့ ကျပ်ငန်း၁၄၀၀နီးပါးနဲ့ လူ ၅ဦးကနေ လှူထားတဲ့ အမေရိကန်ဒေါ်လာ ၂.၅၅မီလီယံ ရထားပြီလို့ ပြောပါတယ်။

ကာကွယ်ဆေးကို လာမယ့်ဖေဖော်ဝါရီမှာ ရဖို့ မျှော်မှန်းထားပြီး ဆေးရရင် ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေးပြီး ထိုးပေးမယ်လို့ ဆက်ပြောပါတယ်။

#VoiceofMyanmar #VOM #သမ္မတရုံးသတင်းစာရှင်းလင်းပွဲ #နေပြည်တော်

Related posts

Leave a Comment

VOM News

FREE
VIEW