NLD နဲ့တွေ့ဖို့ကိစ္စ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ရုတ်သိမ်း

ဇန်နဝါရီ ၁၂-၂၀၂၁
ကောင်းလက်ျာ(VOM)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီနဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီတို့ ဒီကနေ့တွေ့ဆုံကြဖို့ စီစဉ်ထားပေမယ့် နေရာရွေးချယ်မှု အဆင်မပြေတာအပြင် တိုင်းရင်းသား ပါတီ‌လေးတွေကို လေးစားမှုမရှိဘူးလို့ယူဆ‌ခဲ့မိလို့ တွေ့ဆုံဖို့ရုတ်သိမ်းလိုက်တယ်လို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP)အတွင်းရေးမှူး ခူးသဲရယ်က ပြောပါတယ်။

” တွေ့ဆုံကြဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာ၂၄ ကတည်းက သိထားတယ်။ ဒါကြောင့် တရားဝင်တွေ့ကြမယ်ဆို ဖုန်းနဲ့ဆက်တာမျိုးမလုပ်ဘဲ စာနဲ့ပေနဲ့ဖိတ်ကြားဖို့ကြိုတင်မေတ္တာရပ်ခံထားတယ်။ ဒါပေမယ့် တိုင်းရင်းသားပါတီတွေအပေါ် သူတို့လေးစားမှုမရှိဘူးလို့ ခံစားရလို့ဒီကနေ့တွေ့ဆုံပွဲဖို့ မတက်ဖို့ ဆုံးဖြတ်တာပါ”လို့ ခူးသဲရယ်က ပြောပါတယ်။

NLD ပါတီနဲ့တွေ့ဆုံဖို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ ခေါင်းဆောင် ၅ ဦးကို ကြိုတင်ရွေး‌ချယ်ထားတဲ့အပြင် ‌ဆွေးနွေးမှုတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးကိစ္စတွေကိုသာ ဦးတည်‌ဆွေးနွေးမှုပြုလုပ်ဖို့နဲ့ အစိုးရအဖွဲ့နဲ့ လွှတ်တော်ကိစ္စတွေကို တစ်ဖက်ပါတီက ကမ်းလှမ်းလာမှသာ ပြန်လည်ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့လည်း သိရပါတယ်။

NLD ပါတီမှ ဗဟိုကော်မတီဝင် ဒေါက်တာအောင်မိုးညိုဦးဆောင်တဲ့ အဖွဲ့ဝင် ၃ ဦးနဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ ဦးဆောင်သူ ၅
ဦးတွေ့ဆုံဖို့ ဇန်နဝါရီ ၁၂ ရက်နေ့ နေ့လယ် ၂ နာရီမှာ ချိန်းဆိုမ‌ှုပြုလုပ်ထားပြီး ပြည်နယ် NLD ရုံးမှာသာကျင်းပဖို့ ဗဟိုက ညွန်ကြားထားကြောင်း ဒေါက်တာအောင်မိုးညိုက ဒီကနေ့မနက်က ဖုန်းနဲ့ဆက်သွယ်လာတဲ့အတွက် တတိယနေရာမဖြစ်နိုင်တော့တာကြောင့် ဆွေးနွေးမှုမပြုဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲအနိုင်ရ NLD ပါတီဟာ ပြီးခဲ့တဲ့ နှစ်လခန့်က စတင်ပြီး ကချင်ပြည်နယ်၊ မွန်ပြည်နယ်က အနိုင်ရတိုင်းရင်းသားပါတီတွေကို လိုက်လံတွေ့ဆုံနေပြီး ကချင်ပြည်နယ်တစ်ခုသာ အဆင်ပြေပြေပြီးဆုံးခဲ့ပေမယ့် မွန်ပါတီတွေနဲ့ နေရာရွေးချယ်မှုကြောင့် တွေ့ဆုံမှုပျက်ပြားခဲ့တာဖြစ်ပါတယ်။

Photo – (KySDP)ဖရူဆို
#voiceofmyanmar #VOM #ကယား #NLD #ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ #တွေ့ဆုံမှုရုတ်သိမ်း

Related posts

Leave a Comment

VOM News

FREE
VIEW