နယ်ခြားစောင့်တပ်က နုတ်ထွက်စာတွေကို တပ်မတော်ဖက်က ဆိုင်းငံထား

ဇန်နဝါရီ ၁၆-၂၀၂၁
ခွန်ခမ့်သူ(VOM)

နယ်ခြားစောင့်တပ်နယ်မှူးတွေ နုတ်ထွက်စာတင်တာနဲ့ပတ်သက်ပြီး ဆိုင်းငံ့ထားတယ်လို့ တပ်မတော်ညှိနှိုင်းရေးအဖွဲ့က ပြောကြားတယ်လို့ ညှိနှိုင်းဆွေးနွေးပွဲကိုတက်ရောက်ခဲ့တဲ့ တပ်မတော်အရာရှိက ပြောပါတယ်။

ဇန်နဝါရီ ၁၄ ရက်နေ့က တပ်မတော်ရဲ့ ဖိအားပေးမှုကို လက်မခံနိုင်တဲ့အတွက် တပ်နယ် ၄ ခုက တပ်ရင်း ၁၃ ရင်း နုတ်ထွက်စာတင်တာနဲ့ပတ်သက်ပြီး တပ်မတော်ညှိနှိုင်းရေးအဖွဲ့နဲ့ နယ်ခြားစောင့်တို့အကြား နှစ်ဖက်ညှိနှိုင်းမှုကို အမှတ်(၁၀၁၁)နယ်ခြားစောင့်တပ်ရင်း အစည်းအဝေးခန်းမမှာ နေ့လည် ၁၂ နာရီခွဲခန့်က စတင်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“တပ်မတော်ရဲ့ အထက်ပိုင်းဆိုင်ရာအကြီးအကဲတွေနဲ့ ဆုံတဲ့အခါ ကျနော်တို့ နုတ်ထွက်စာကို ဆိုင်းငံ့ထားတယ်။ ဒါကို သေသေချာချာလေး စဉ်းစဉ်းစားစားလေးနဲ့လုပ်ဖို့။ လက်တွဲလာတာလည်း အခုမှ မဟုတ်ဘူးပေါ့။ ကြာပြီ”လို့ ညှိနှိုင်းဆွေးနွေးပွဲကိုတက်ရောက်ခဲ့တဲ့ ဗိုလ်မှူး အဆင့်ရှိသူတစ်ဦးကပြောပါတယ်။

နယ်ခြားစောင့်အကြီးအကဲတပ်မှူးတွေအနေနဲ့လည်း ငြိမ်းချမ်းရေး ပျက်ပြားသွားအောင် လုပ်မှာမဟုတ်သလို အကောင်းဆုံးနည်းလမ်းနဲ့ ဖြေရှင်းသွားမယ်လို့လည်း ဆွေးနွေးပွဲမှာပြောကြားခဲ့ပါတယ်။

တပ်မတော်ညှိနှိုင်းရေးအဖွဲ့မှာ စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ၊ နယ်ခြားစောင့်တပ်များညွှန်ကြားရေးမှူး၊ တပ်မတော်အရာရှိကြီးတွေ နယ်ခြားစောင့်တပ်နယ်မှူးတွေ ၊ တပ်မှူး ၁၇ ဦး၊ ဗဟိုအကြံပေးအရာရှိ ၇၇ ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်မှူးကြီးစောချစ်သူအနေနဲ့ ကရင်လူမျိုးကိုချစ်တဲ့စိတ်ပါလာတဲ့အတွက် တစ်ဖွဲ့လုံးနုတ်ထွက်သွားတာလို့ ကရင်ရေးရာကော်မတီ၊ အတွင်းရေးမှူး ဦးစောကျော်စွာက သုံးသပ်ပြောပါတယ်။

“လောလောဆယ် တပ်မတော်ဖက်မှာ သေချာစဉ်းစားရမယ့် အပိုင်းဖြစ်သွားပြီ။ တကယ်လို့ တပ်မတော်က ကိုင်တွယ်မှုမှားယွင်းသွားမယ်ဆိုရင် ပွဲကကောင်းသွားမှာပေါ့။ ငြိမ်းချမ်းရေးက အစကနေ ပြန်စရမယ့် သဘောဖြစ်သွားမယ်”လို့ ကရင်ရေးရာကော်မတီ၊ အတွင်းရေးမှူး ဦးစောကျော်စွာကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက နယ်ခြားစောင့်တပ် အကြီးအကဲတချို့ကို စီးပွားရေးပြုလုပ်နေတဲ့ အကြောင်းနဲ့ပတ်သက်ပြီး တပ်မတော်ကဖိအားပေး နုတ်ထွက်ခိုင်းတဲ့အပေါ် နယ်ခြားစောင့်တပ်နယ် ၄ ခု၊ တပ်ရင်း ၁၃ ရင်းက စုပေါင်းနုတ်ထွက်စာတင်ပြခဲ့ကြတယ်လို့ သိရပါတယ်။

နယ်ခြားစောင့်တပ်ဖွဲ့တွေ နုတ်ထွက်သွားပါက မလိုလားအပ်တဲ့ နှစ်ဖက်တိုက်ပွဲတွေနဲ့ ဒေသခံ ကရင်တိုင်းရင်းသားတွေ အလိုလားဆုံးဖြစ်တဲ့ ထာဝရငြိမ်းချမ်းရေး အလှမ်းဝေးပြီး ပျက်ပယ်သွားမှာကို ဒေသခံပြည်သူတွေကလည်း စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

တပ်မတော်ဖက်က နှုတ်ထွက်ခိုင်းတဲ့ ခေါင်းဆောင်တွေထဲမှာ ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူးတင်မောင်ဝင်း၊ ဗိုလ်မှူးစောမောသိုတို့ ဖြစ်ပြီး အမှတ်(၁၀၂၂) တပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူး စောမောသိုကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက နုတ်ထွက်စာတင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေအနေနဲ့ စီးပွားရေးလုပ်ကိုင်တာတွေ မပြုလုပ်ဖို့ နယ်ခြားစောင့်တပ်တွေ ညွန်ကြားရေးမှူးက ပြီးခဲ့တဲ့၂၀၁၉ ခုနှစ် ဩဂုတ် ၂၀ ရက်က မြဝတီမြို့နယ်၊ ရွှေကုက္ကိုမှာ ကျင်းပပြုလုပ်တဲ့ ၉ နှစ်မြောက် နယ်ခြားစောင့်တပ်မွေးနေ့ အခမ်းအနားမှာ သတိပေးမှာကြားခဲ့ပါတယ်။

#voiceofmyanmar #VOM #နယ်ခြားစောင့်တပ် #နုတ်ထွက်လွှာ #တပ်မတော်ဆိုင်းငံ့

Related posts

Leave a Comment

VOM News

FREE
VIEW