နေရပ်ပြန် စစ်ရှောင်တွေနေတဲ့ ရွာဘေးမှာ မြေလွတ်မြေရိုင်းလာလျှောက်လို့ ကန့်ကွက်

ဇန်နဝါရီ ၁၇ -၂၀၂၁
ရန်အောင်ထွန်း(VOM)

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မြို့သစ်အုပ်စု၊ ကျွန်းတောကျေးရွာအနီးက တောင်ယာနေရာမှာ မြေလွတ်မြေရိုင်းလာလျှောက်လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်ကို ကန့်ကွက်စာတင်ထားတယ်လို့ သိရပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလဇွမ်ဘရန်ဆိုင်းက “လက်ရှိမှာတော့ တောင်ပေါ်မှာ ဆေးနီသုတ်ထားတဲ့ အမှတ်အသား စိုက်ထူထားတာ တွေ့ရပါတယ်။ ရွာသားတွေကတော့ အဲ့ဒီနေရာဟာ ဘိုးစဉ်ဘောင်ဆက် တောင်ယာခုတ် ၊ ထင်းခုတ် ၊ တောလိုက် ၊ ဆေးမြစ်တူး လုပ်ကိုင်လာတဲ့ နေရာဖြစ်လို့ မြေလွတ်မြေရိုင်း ချထားမပေးဖို့ပါ၊ ဒီတောင်က ကျွန်တော်တို့ရွာရဲ့ အိမ်သုံးပစ္စည်း သစ်၊ ဝါး၊ ဟင်းသီးဟင်းရွက်တွေခူး တောင်ယာလုပ်စားနေတာ၊ ရွာသားတွေက ပိုက်ဆံလည်းရှိတာမဟုတ်ဘူး။ ဒီတောင်ကို မှီခိုပြီး အသက်မွေးနေကြရတာ ဒါကြောင့် ကန့်ကွက်တာပါ”လို့ ပြောပါတယ်။

ဒေသခံတောင်သူ ဦးနန်ဇိန်းလကလည်း ” လက်ရှိ ဆေးအနီသုတ်ပြီး ဧရိယာသတ်မှတ်ထားတဲ့နေရာမှာ ကျွန်းတောကျေးရွာ သောက်သုံးရေအတွက် သွယ်တန်းထားတဲ့ စိမ့်စမ်းရေကန် ပါနေတာပါ။ မြေလွတ်မြေရိုင်း ချထားပေးတာတော့ လက်မခံဘူး ၊ သစ်ဝါးတွေ ခုတ်လိုက်ရင် ရေခမ်းမယ်၊ ရွာသားတွေ ရေမရှိရင် ဘယ်လိုနေရမလဲ ထွက်ပြေးရမှာပေါ့ ၊ ဟိုမှာဆေးမှုတ်ထားတယ်လေ ဒီတောင်ပေါ်မှာ အကုန်လုံးခုတ်သွားလျှင်တော့ ကျွန်းတောရွာက ဒုက္ခရောက်မှာ ၊ ဘယ်သူ့ကိုမဆိုမေးကြည့် နန်ဇိန်းလ ဒီမှာနေသလား ဘယ်အချိန်ကနေ ဒီမှာနေခဲ့သလဲ ကျွန်တော်ရှင်းပြနိုင်တယ်”လို့ ပြောပါတယ်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းကတော့ “ အဲ့ဒီစစ်ရှောင်တွေ စစ်ရှောင်သွားတော့ သူတို့ရဲ့ဒေသကို သူတို့ ပြန်မလုပ်နိုင်တာတွေရှိတယ်ပေါ့နော်၊ အဲ့ဒီနေရာမျိုးမှာ လက်ရှိမှာ ကျူးပြီးတော့ လုပ်ကိုင်တဲ့သူရှိတောင်မှ တစ်ချိန်မှာ အဲ့ဒီဒေသခံတွေ ပြန်ရောက်တဲ့အချိန်မှာ မူလ စစ်ရှောင်သွားသူရဲ့ မြေနေရာကို ပြန်ပေးရမယ်လို့ ပြောထားပြီးသား”လို့ ပြောပါတယ်။

ကျွန်းတောရွာမှာ နေရပ်ပြန်စစ်ရှောင် အိမ်ထောင်စု ၃၀ ကျော်ရှိပြီး ၂၀၁၈ ခုနှစ်ကတည်းက ပြန်လည်အခြေချ နေထိုင်တယ်လို့ သိရပါတယ်။

ကျွန်းတောကျေးရွာအနီးက တောင်တန်းမှာ လုပ်ငန်းရှင် ၈ ဦးက မြေလွတ်၊ မြေရိုင်းအဖြစ် ဧက ၁၁၈၀ လျှောက်ထားတဲ့အထဲမှာ ကျေးရွာသားတွေက သူတို့လုပ်ကိုင်နေတဲ့ မြေဧက ၈၀၀ လောက် ပါနေတယ်ဆိုပြီး ၂၀၂၀ ဒီဇင်ဘာ ၈ ရက်နေ့က ရွာသား ၃၀ ရဲ့ လက်မှတ်နဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဆီကို မြေလွတ် ၊ မြေရိုင်းလျှောက်ထားမှုကို ကန့်ကွက်စာ တင်ထားကြတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #မိုးမောက် #မြေလွတ်မြေရိုင်း #စစ်ရှောင်တွေကန့်ကွက်

Related posts

Leave a Comment

VOM News

FREE
VIEW