ဆောင်းတွင်းကာလ ရခိုင်စစ်ဘေးရှောင်တွေ ဘဝဖြတ်သန်းမှုခက်ခဲနေဆဲ

ဇန်နဝါရီ ၁၇ -၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဦးရေ ၂ သိန်းကျော်ဟာ ဘဝဖြတ်သတ်မှုတွေ အခက်အခဲအမျိုးမျိုးရှိနေပြီး အထူးသဖြင့် ဆောင်းတွင်းကာလမှာ မြောက်ဦးမြို့လို အအေးဓာတ်များတဲ့နေရာက စစ်ဘေးရှောင်တွေဟာလည်း လိုအပ်ချက်အမျိုးမျိုးရှိနေပါတယ်။

မြောက်ဦးမြို့က မြတန်ဆောင်စစ်ဘေးရှောင်စခန်းမှာတော့ ဆောင်းတွင်းကာလမှာ အနွေးထည်နဲ့ စောင်တွေဟာ စစ်ဘေးရှောင်တွေရဲ့ အဓိကလိုအပ်ချက်ဖြစ်နေပြီး မိသားစုဝင်တွေများတဲ့အတွက် စောင်မလုံလောက်မှုတွေဖြစ်ပေါ်နေတယ်လို့ မြတန်ဆောင်းစစ်ဘေးရှောင်စခန်းကနေ သိရပါတယ်။

မြတန်ဆောင်စစ်ဘေးရှောင်စခန်းတာဝန်ခံပြောတာကတော့” ဆောင်းရာသီဖြစ်တဲ့အတွက် နံပါတ်(၁)လိုအပ်တာက စောင်နဲ့ အနွေးထည်တွေပေါ့။ အဲဒါတွေက လောက်ငှမှုမရှိဘူး။ မိသားစုက (၅) ယောက် စောင်က (၂) ထည် အဲ့ဒီလိုမျိုး အခက်အခဲတွေဖြစ်ပါတယ်။ ရှိတဲ့အနွေးထည်တွေကလည်း အရင်နှစ်တွေက အဟောင်းတွေ ဖြစ်နေတယ်။ အသုံးပြုဝတ်ဆင်ရတာ အဆင်မပြေဘူး။ အနွေးထည် လိုအပ်နေပါတယ်”လို့ ပြောပါတယ်။

အရင်က အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)က ပုံမှန်ထောက်ပံ့ပေးနေတဲ့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် စတဲ့အကူညီတွေဟာလည်း လက်ရှိမှာရပ်တန့်နေပြီး ICRC အနေနဲ့ အိမ်ထောင်စုတစ်စုကို ငွေကြေး(၇၅၀၀၀) ထောက်ပံ့ပေးနေတယ်လို့ သိရပြီး လူကယ်ပြန်ဝန်ကြီးဌာနကထောက်ပံ့ပေးတဲ့ ဆန်ရိက္ခာထောက်ပံ့ပေးမှုကလည်း ပုံမှန်မဟုတ်တာကြောင့် စားဝတ်နေရေးခက်ခဲကာ တခါတရံ ဆန်ရိက္ခာ ပြတ်တောက်မှုနဲ့ပါ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်စခန်းတာဝန်ခံကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြည်တွင်းစစ်ရေးပဋိပက္ခ (၂) နှစ်ကျော်ကာလအတွင်း စစ်ဘေးရှောင်ဦးရေ (၂) သိန်းကျော်အထိ တိုးလာပြီး စစ်ဘေးရှောင်ဦးရေ တိုးပွားလာတာနဲ့အညီ လက်ရှိအချိန်ထိ စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေး၊ ဘဝနေထိုင်ဖြတ်သန်းမှု အခက်အခဲတွေဟာလည်း တစ်စတစ်စကြီးထွားလာနေပါတယ်။

မြောက်ဦးမြို့ပေါ်မှာ စစ်ဘေးရှောင်စခန်း(၁၀)ခု ကျော်ရှိပြီး မြတန်ဆောင်စစ်ဘေးရှောင်စခန်းမှာတော့ အိမ်ထောင်စု (၂၈၂)စု ၊ အမျိုးသား ၊အမျိုးသမီး၊ ကလေး၊ ကိုယ်ဝန်ဆောင်တွေ အားလုံးပေါင်း လူဦးရေ (၁၁၉၄) ဦးရှိပါတယ်။

အဲ့ဒီ စစ်ရှောင်စခန်းမှာ ကျေးရွာ (၁၀)ရွာခန့်က နေရပ်စွန့်ခွာသူတွေ ခိုလုံနေတာဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း စစ်ပွဲတွေယာယီရပ်တန့်နေပေမယ့် နေရပ်ပြန်သူမရှိသေးဘူးလို့ စစ်ရှောင်စခန်းတာဝန်ခံတွေက ပြောပါတယ်။

#voiceofmyanmar #VOM #မြောက်ဦး #စစ်ရှောင် #အခက်အခဲ

Related posts

Leave a Comment

VOM News

FREE
VIEW