ဂုဏ်ထူးတွေပါပေမယ့် တစ်ဘာသာတည်းကျလို့ စာမေးပွဲမအောင်တဲ့ မျက်မြင်ကလေးတွေရဲ့ အခက်အခဲက ဘာတွေလဲ

စစ်ကိုင်း၊ ဇန်နဝါရီ – ၁၇ – ၂၀၂၁
ရှိုင်းအောင်(VOM)

၂၀၁၉- ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူတွေရဲ့ အမှတ်စာရင်းတွေဒီနေ့ထုတ်ပြန်တာမှာ စစ်ကိုင်းမြို့က မျက်မမြင်ကျောင်းက ဖြေဆိုတဲ့ကျောင်းသားတွေ ဂုဏ်ထူးတွေပါပေမယ့် သင်္ချာတဘာသာတည်းကျတဲ့ အဖြစ်တွေ တွေ့ရှိရပါတယ်။

ဒီလိုဖြစ်ရတာနဲ့ ဆက်စပ်လို့ ပညာရေးစနစ်အခက်အခဲနဲ့ သင်ယူမှုပိုင်းဆိုင်ရာ၊ ဖြေဆိုမှုပိုင်းဆိုင်ရာ အခက်အခဲဘာတွေရှိနေသလဲဆိုတာကို မျက်မမြင်ကျောင်းက ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာညွန့်ကိုမေးကြည့်တော့

“ဒီနှစ်ကျောင်းမှာ ၆ ယောက်ဖြေတယ် ၂ ယောက်အောင်တာပေါ့နော်၊ တစ်ယောက်က ဂုဏ်ထူး ၂ ဘာသာနဲ့ အောင်တယ် တစ်ယောက်ကတော့ ရိုးရိုးပဲအောင်တယ်ရှင့်၊ ဝိဇ္ဇာတွဲတွေကတော့ အမှတ်တော်တော်များတယ် အဓိကသူတို့ထိတာက သင်္ချာပေါ့၊ မျက်မမြင်ကလေးတွေရဲ့ အခက်အခဲကတော့ သင်္ချာနဲ့ အင်္ဂလိပ်စာပေါ့ စာမေးပွဲဖြေတဲ့ အခါမှာလည်း သူတို့ကိုယ်တိုင်ဖြေလို့မရဘူးလေ၊ သူတို့က ၁၀ တန်းကလေးဆိုတော့ ၉ တန်းကလေးတွေက ဖြေပေးရတာပေါ့ အဲ့လိုဖြေပေးတဲ့နေရာမှာလည်း သူတို့က ရပေမယ့်လည်း ရေးပေးတဲ့ ခလေးအပေါ်မှာလည်း မူတည်တာပေါ့လေ” လို့ ပြောပါတယ်။

စစ်ကိုင်းမျက်မမြင်ကျောင်းကနေ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခဲ့ပြီး ဂုဏ်ထူး ၃ ဘာသာပါခဲ့ပြီး သင်္ချာတဘာသတည်းကျခဲ့တဲ့ အမှတ်ပေါင်း ၃၅၅မှတ်ရတဲ့ ကိုနေသူအောင်ကတော့ ” အရမ်းဝမ်းနည်းတယ်ဗျ ၃ ဘာသာပါဖို့ဆိုတာကလည်း အမြင်လူတစ်ယောက်ဆိုလည်း မလွယ်ဘူးလေ သင်္ချာ တစ်ဘာသာတည်းကျတာဆိုတော့ အရမ်းဝမ်းနည်းတယ်၊ သင်္ချာနဲ့ အင်္ဂလိပ်ကတော့ အမြင်တွေထက် ကျနော်တို့က ပိုပြီးတော့ အားနည်းတယ်ဗျ၊ သင်္ချာကတော့ ပိုပြီးတော့ အားနည်းတယ်ဗျ ဖြေဆိုတဲ့ ကလေးတွေနဲ့ သိပ်ပြီး မပတ်သက်ဘူးလို့ ထင်ပါတယ်၊ ကျနော်တို့ ဖြေဆိုရတဲ့အခါမှာ မိန်းခလေးဆိုလည်း မိန်းခလေး လူရွေးချယ်မှုပေးတယ်ဗျ၊ ကျနော်တို့ကို မိန်းခလေးတွေဖြေပေးရင် ပိုပြီးတော့ ကောင်းမယ်ထင်တယ် ဘာလို့လည်းဆို သူတို့ကလည်း၊ ယောင်္ကျားလေးတွေထက်လည်း ပိုပြီးတော့ တော်တယ်ဗျ၊ ယောင်္ကျားလေးတွေလည်း မတော်ဘူးလို့ ပြောတာမဟုတ်ပါဘူး တော်တဲ့ခလေးနဲ့ ကျဖို့ဆိုတာ ခဲယဉ်းတယ်ပေါ့နော်၊ နောင်လာမယ့်နှစ်မှာ ကျောင်းပြန်တက်ဖို့လည်း စီစဉ်ထားပါတယ်လို့” ပြောပါတယ်။

မျက်မမြင်ကျောင်းက ကျောင်းသားကျောင်းသူတွေကတော့ အင်္ဂလိပ်ဘာသာနဲ့ သင်္ချာဘာသာက အားအနည်းဆုံးဖြစ်နေတာကိုလည်း အစဉ်အဆက် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခဲ့ပြီး အမှတ်စာရင်းတွေမှာ တွေ့မြင်နိုင်မှာဖြစ်သလို ကျောင်းသားကျောင်းသူတွေက လည်း အဲ့ဒီနှစ်ဘာသာဟာ အခက်အခဲဆုံးဘာသာတွေဖြစ်တယ်လို့ ၂ဘာသာ ဂုဏ်ထူးပါပြီး သင်္ချာအောင်မှတ်မရလို့ စာမေးပွဲကျတဲ့ မောင်ဟိန်းမင်းထက်နဲ့ တစ်ဘာသာ ဂုဏ်ထူးပါပြီး သင်္ချာတဘာသာတည်းကျလို့ စာမေးပွဲမအောင်တဲ့ ကိုစိုးထွေးအောင်တို့က ပြောကြပါတယ်။

ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာညွန့်က မျက်မမြင်ကလေးတွေအတွက် မျက်မမြင်လက်တန်းစာပေတွေ ထုတ်ပေးထားပေမယ့်လည်း စာမေးပွဲဖြေဆိုရာမှာ အခက်အခဲရှိတာကြောင့် ဖြေပေးတဲ့ ကလေးတွေနဲ့ ဖြေမယ့် ကလေးက ထပ်ခါ ထပ်ခါ လေ့ကျင့်မယ်ဆိုရင် ကောင်းမယ်ထင်သလို နောက်တစ်ချက်က ကိုတန်းကလေးက ဆယ်တန်းကလေးရဲ့စာကို ဖြေပေးရတာ ဖြစ်တဲ့အတွက်ကြောင့် အခြေခံလေးပုံစံလေးတွေ အနည်းအပါး သိထားရင် အဆင်ပြေမယ်ထင်တယ်လို့ မှတ်ချက်ပြုပြောပါတယ်။

စစ်ကိုင်းမျက်မြင်ကျောင်းမှာ သင်္ချာဘာသာသင်ကြားပေးနေတဲ့ ဆရာဦးထိန်လင်းထွေးကတော့
“သင်္ချာဘာသာရပ်နဲ့စာရင် အမှတ်ပေးစည်းမျဉ်းရဲ့ သဘောသဘာဝက ကလေးတွေက အမှတ် ၁၀၀ ဖိုးဖြေနိုင်တဲ့ အချိန်မှာ အမှတ် ၁၀၀ ဆိုပေမယ့် သူတို့ထဲမှာ အများဆုံးရနိုင်တဲ့ပမာဏက ၇၀ ပတ်ချာလည်ပဲရှိတယ်၊ ကလေးတွေက စာသင်တဲ့အခါမှာ သင်္ချာက ကိုယ်ကိုယ်တိုင်ရတဲ့ဟာကို Answer Look ကိုတစ်ခါတည်း တန်းဖြေရတာမဟုတ်ဘူးလေ ကလေးတွေက ဖြေလိုက်တိုင်းဖြေလိုက်တိုင်းမှာ သူပြောသမျှစာတွေကို ကိုးတန်းအဆင့်ရှိတဲ့ ကလေးတစ်ယောက်က လိုက်ရေးပေးရတာဆိုတော့ နည်းနည်းလေးလက်ဝင်တယ်ပြောရမှာ အခန်း ၃ တို့ အခန်း ၆ တို့ ကိုးတန်းကလေးတွေ သူတို့အတန်းမှာ မရှိတဲ့သင်ရိုးတွေဖြစ်တာကြောင့် ကလေးတွေက လိုက်မရေးနိုင်ဘူး မျက်မမြင်ကလေးတစ်ယောက်က သူ့အနေနဲ့ ရပြီးသားဖြစ်နေလို့ ဂျောင်းဂျောင်းပြေးပြောနိုင်ပေမယ့် ဘေးကရေးဖြေပေးရတဲ့အမြင်ကလေးတစ်ယောက်က သူပြောသမျှအကုန်လုံးကို လိုက်ရေးဖို့ ခဲယဉ်းတယ်အဲ့ဒီအခန်းတွေမှာ ကလေးတွေက အမှတ်ရဖို့ အနေအထားတော်တော်လေးနည်းတာပေါ့” လို့ ပြောပါတယ်။

မျက်မမြင်ကျောင်းသား ကျောင်းသူအများစုမှာ သင်္ချာဘာသာကို အများဆုံး အားနည်းနေတာကို တွေ့မြင်ရတာဖြစ်သလို့ သူတို့ ၃ ဦးစလုံးကတော့ မျက်မမြင်တွေအတွက် စာအုပ်သီးသန့် ထုတ်ပေးဖို့ လိုလားနေကြပါတယ်။

စစ်ကိုင်းမြို့က မျက်မမြင်ကျောင်းမှာ ၂၀၁၉- ၂၀၂၀ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ၃၃.၃ ရာခိုင်နှုန်းအောင်မြင်ခဲ့တာဖြစ်ပြီး နောက်လာမယ့်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး တက်ရောက်ဖို့ စာရင်းပေးထားပါတယ်။ စစ်ကိုင်းမျက်မမြင်ကျောင်းမှာ ပြီးခဲ့တဲ့နှစ်စာရင်းအရ မူလတန်းကနေ အထက်တန်းထိ ကျောင်းသားကျောင်းသူ ၅၈ ယောက် သင်ကြားခဲ့တယ်လို့ ကျောင်းမှတ်တမ်းတွေအရ သိရပါတယ်။

#VOM #voiceofmyanmar #တက္ကသိုလ်ဝင်စာမေးပွဲ #စစ်ကိုင်းမျက်မမြင်ကျောင်း #ဂုဏ်ထူးရပေမယ့်စာမေးပွဲကျရှုံး

 

Related posts

Leave a Comment

VOM News

FREE
VIEW