သွေး (စစ်ကိုင်း)
သစ်တောတွေဟာ ဂေဟစနစ်အတွက် အလွန်အရေးပါသလို သစ်တောပြုန်းတီးမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံစားနေရတဲ့ အထဲမှာ ကျမတို့ မြန်မာနိုင်ငံ ပါဝင်နေပါတယ်။ သစ်တောပြုန်းတီးမှုကြောင့် ရေအရင်းအမြစ် ရှားပါးလာမှု၊ ရာသီဥတု ပြောင်းလဲလာမှု၊ သစ်တောထွက် သယံဇာတတွေ နည်းပါးလာမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် တရားမဝင် သစ်ထုတ်လုပ်မှုတွေကို ဟန့်တားပိတ်ပင်ဖို့ လိုအပ်နေသလို သစ်တောတွေ ပြန်လည်ပြုစု ပျိုးထောင်ရေး လုပ်ဆောင်သွားဖို့ ပါ လိုအပ်နေပါပြီ။
မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှုဟာ နိုင်ငံ့ဧရိယာရဲ့ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်း ဖြစ်ပြီး နှစ်စဉ်ပြုန်းတီးမှုကတော့ နိုင်ငံ ဧရိယာရဲ့ ၁ ဒသမ ၇ ရာခိုင်နှုန်း ဖြစ်တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။ ဒီလို နှစ်စဉ် နိုင်ငံ့ဧရိယာရဲ့ ၁ ဒသမ ၇ ရာခိုင်နှုန်း ဆိုတဲ့ ပမာဏဟာ နည်းနည်းနောနော ပမာဏ မဟုတ်တဲ့ အပြင် သစ်တောပြုန်းတီးမှု ဖြစ်စေတဲ့ အဓိက အကြောင်းရင်းထဲမှာ သစ်တွေ အလွန်အကျွံ ထုတ်ယူတာ၊ သတ္တုတူးဖော်တာ၊ ရေကာတာ တည်ဆောက်တာ၊ သဘာဝဘေးအန္တရာယ်တွေနဲ့ တွေ့ကြုံရတာ ကြောင့်လည်း ပါဝင်နေပါတယ်။
သစ်တွေ အလွန်အကျွံထုတ်ယူတာက မြန်မာနိုင်ငံမှာ သစ်တောပြုန်းတီးမှု ဖြစ်စေတဲ့ အကြောင်းရင်းထဲမှာ ထိပ်ဆုံးက ပါဝင်နေပြီး Global Witness အဖွဲ့ကြီးက ၂၀၀၂ ခုနှစ် တစ်နှစ်တည်းမှာပဲ သစ်ကုဗမီတာ အနည်းဆုံး ၁ သန်းကို တရုတ်နိုင်ငံကို ပို့ဆောင်ခဲ့တယ် လို့ ဆိုပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ကြီးရဲ့ အဆိုအရ ၂၀၁၀ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ် အတွင်း နှစ်စဉ်နှစ်တိုင်း သစ်တောဧရိယာ ဟက်တာ ၅၄၆၀၀၀ အထိ ဆုံရှုံးခဲ့တယ် လို့ သိရပါတယ်။
သစ်တောပြုန်းတီးတဲ့ ပမာဏ များပြားလာတာနဲ့ အမျှ သဘာဝဘေးအန္တရာယ်တွေ ဖြစ်စေတဲ့ မုန်တိုင်းတွေ တိုက်ခတ်တာ၊ ရေကြီးရေလျှံတာ စတဲ့ အန္တရာယ်တွေပါ ပိုမိုရင်ဆိုင်လာနိုင်ဖွယ်လည်း ရှိနေပါတယ်။ ဒီလို သစ်အလွန်အကျွံ ထုတ်ယူမှုတွေဟာ အရင်အစိုးရ အဆက်ဆက်မှာ ဖြစ်ပျက်ခဲ့ပြီး ထိထိရောက်ရောက် အရေးယူဖို့ ပျက်ကွက်ခဲ့တာကြောင့် ပိုမိုဆိုးရွားလာခဲ့တာပါ။
မြန်မာနိုင်ငံဟာ ဇီဝမျိုးစုံ မျိုးကွဲ အကြွယ်ဝဆုံး နိုင်ငံစာရင်းမှာတောင် ပါဝင်ခဲ့ပါတယ်။ ကချင်ပြည်နယ်မှာ ဆိုရင် နိုင်ငံအတွက် အရေးပါတဲ့ ဧရာဝတီမြစ်ကြီး စတင်စီးဆင်းတဲ့ မြစ်ဆုံဒေသ ရှိသလို ဇီဝမျိုးစုံ မျိုးကွဲတွေ ကြွယ်ဝတဲ့ ပြည်နယ်ပါ။ ဒါပေမဲ့ သစ်တောတွေ ခုတ်လှဲခံခဲ့ရတဲ့ အပြင် ကချင်ပြည်နယ်ထဲက သစ်အပါအဝင် တန်ဖိုးကြီး သစ်တောထွက်တွေဟာ ပြည်ပကို ခိုးထုတ်ခံခဲ့ရတာ အများကြီးပါ။ ဒါအပြင် တနင်္သာရီတိုင်းဒေသကြီး မှာလည်း ဆီအုန်းနဲ့ ရာဘာစိုက်ခင်းတွေ ကြောင့် သဘာဝ သစ်တောပြုန်းတီးမှုတွေ ကျယ်ပြန့်စွာ ဖြစ်ပေါ်ခဲ့ရပါတယ်။
NLD အစိုးရ တက်လာပြီးတဲ့နောက် မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်း လုပ်ဆောင်လာခဲ့ တာကို ကြိုဆိုရမှာပါ။ ၂၀၁၇-၁၈ ခုနှစ်ကနေ ၂၀၂၆-၂၇ ခုနှစ်အထိ ၁၀ နှစ်တာ စီမံကိန်းနဲ့ အကောင်အထည် ဖော်နေတာ ဖြစ်ပြီး တရားဝင်ထုတ်ပြန်တဲ့ စာရင်းဇယားတွေ အရ နိုင်ငံပိုင်စိုက်ခင်းတွေ တည်ထောင်တာ၊ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေး လုပ်ငန်းတွေ လုပ်ဆောင်တာ၊ ထင်းအစားထိုး လောင်စာတိုးမြှင့် အသုံးချရေး ဖော်ဆောင်တာတွေ လုပ်ဆောင်ခဲ့တယ် လို့ သိရပါတယ်။ ဒါအပြင် သစ်အလုံးလိုက် ပြည်ပပို့တာကိုပါ ပိတ်ပင်ခဲ့သလို သစ်ထုတ်လုပ်မှု ကိုလည်း လျှော့ချခဲ့ပါတယ်။ ၂၀၁၇-၁၈ ခုနှစ်ကစ,လို့ ခုတ်လှဲထုတ်လုပ်ခဲ့တဲ့ ကြိုးဝိုင်းသစ်တောကွက်တွေရဲ့ ကွက်လပ်ဖြစ်သွားတဲ့ နေရာတွေကို “သဘာဝတောတန်ဖိုးမြှင့် စိုက်ပျိုးခြင်း” ကိုပါ ဆောင်ရွက်လျက်ရှိပါတယ်။
မြန်မာနိုင်ငံဟာ ၂၀၁၆ ခုနှစ် ဧပြီ ၂၂ ရက်နေ့မှာ ပဲရစ်သဘောတူညီမှုကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ဒါကြောင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရမယ့် ကတိကဝတ်တွေ (NDC) ရေးဆွဲမှုနဲ့ အကောင်အထည်ဖော်ဆောင်ခြင်းတွေကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် သစ်တောဆိုင်ရာကဏ္ဍ ကတိကဝတ်တေွမှာ ပွင့်လင်းမြင်သာမှုနဲ့ ရေရှည်တည်တံ့စေဖို့ လုပ်ဆောင်သွားသင့်ကြောင်း ထောက်ပြ ပြောဆိုမှုတွေလည်း ရှိပါတယ်။
ရာသီဥတု ပြောင်းလဲလာမှု၊ အပူချိန်မြင့်တက်လာမှုနဲ့ သစ်ပင်သစ်တောတွေဟာ အများကြီး ဆက်စပ်နေပါတယ်။ နှစ်စဉ်နှစ်တိုင်း လိုလို ကြုံတွေ့နေရတဲ့ ရေကြီးရေလျှံမှုတွေဟာ သစ်တောပြုန်းတီးမှု၊ သတ္တုတူးဖော်မှုတွေကနေ ထွက်ပေါ်လာတဲ့ မြေစာတွေကို စည်းကမ်းမဲ့ စွန့်ပစ်မှုတွေကြောင့် ဖြစ်ပေါ်လာရတာပါ။ အထူးသဖြင့် မြစ်ဖျားပိုင်း ရေဝေရေလဲတွေ အတွက် အရေးပါတဲ့ နေရာတွေမှ ဇီဝမျိုးစုံ မျိုးကွဲတွေ ရှင်သန်နေဖို့ လိုအပ်ပါတယ်။
၂၀၀၈ ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ နာဂစ်မုန်တိုင်း တိုက်ခတ်မှုမှာ လူ ၁ သိန်းကျော်အထိ သေဆုံးခဲ့ရတာကလည်း ဒီရေတော ပြုန်းတီးမှုနဲ့ ဆက်စပ်နေပါတယ်။ အစိုးရ အဆက်ဆက်ရဲ့ သစ်တောကဏ္ဍနဲ့ ပတ်သက်ရင် မှားယွင်းတဲ့ စီမံခန့်ခွဲမှုတွေကြောင့် သဘာဝဘေးအန္တရာယ်တွေနဲ့ တွေ့ကြုံရတဲ့အခါ ပိုဆိုးသွားတာပဲ ဖြစ်ပါတယ်။
အလျဉ်းသင့်လို ဒီရေတောတွေရဲ့ အရေးပါပုံကိုလည်း နည်းနည်းပြောပြပါဦးမယ်။ ဒီရေတောတွေဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပိုမို သိုလှောင်ထားနိုင်တဲ့ အတွက် ကမ္ဘာကြီး ပူနွေးလာမှုကို တိုက်ဖျက်၊ တားဆီးရာမှာ အတိုင်းအတာ တစ်ခုအထိ အသုံးဝင်ပါတယ်။ ကမ်းရိုးတန်းဒေသတွေမှာ ဒီရေတောတွေ စိုက်ပျိုးထားရင် ကုန်းတွင်းပိုင်းဘက်ကို ဝင်လာနိုင်တဲ့ ရေငန်တွေ မဝင်ရောက်အောင်လည်း တားဆီးပေးနိုင်ပါတယ်။ ဒါကြောင့် ထင်းအဖြစ် သုံးဖို့၊ မီးသွေးဖုတ်ဖို့ အတွက် ဒီရေတောတွေကို ခုတ်လှဲတာတွေကို အမြန်ဆုံးနဲ့ အထိရောက်ဆုံး တားဆီးသွားရမှာပဲ ဖြစ်ပါတယ်။ ဝမ်းသာစရာကောင်းတဲ့ အချက်တစ်ချက်ကတော့ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်မှာ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် ဒီရေတော စိုက်ခင်းတွေ ပြုစုပျိုးထောင်လာနေတဲ့ ကိစ္စပါပဲ။
မကြာသေးမီကပဲ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်က အမျိုးသားကန်တော်ကြီး ဥယျာဉ်၊ ကန်တော်ကြီး ရေကန်မှာ ရေခန်းခြောက်မှု ဖြစ်ပေါ်နေတဲ့ သတင်း တစ်ပုဒ်ဖတ်ရှုရပါတယ်။ မိုးရွာသွန်းမှု နည်းပါးခဲ့ပြီး ရေဝင်ရောက်မှု မရှိတာကြောင့် အခုလို ကန်ဧရိယာ ထက်ဝက်လောက် အထိ ရေခန်းခြောက်မှု ဖြစ်တာလို့ သိရပါတယ်။ ပြင်ဦးလွင်ဟာ ရာသီဥတုမျှတ အေးချမ်းတဲ့ မြို့တစ်မြို့ဖြစ်ပေမဲ့ နောက်ပိုင်းမှာ သစ်ပင်တွေ ခုတ်လှဲမှုများပြားလာတာ၊ သစ်ပင်တွေကို ထိန်းသိမ်းမှု အားနည်းလာတာတွေကြောင့် အခုလို ဖြစ်ရတယ် ဆိုတဲ့ ယူဆချက်တွေလည်း ရှိပါတယ်။
လူနေအိမ်တွေ ဆောက်လုပ်ဖို့၊ စီမံကိန်းတွေ ဖော်ဆောင်ဖို့ သစ်ပင်တွေကို အရမ်းကာရော ခုတ်လှဲမယ် ဆိုရင် ရေဝေရေလဲ ဧရိယာတွေ ထိခိုက်လာခဲ့မယ် ဆိုရင် နောက်ဆက်တွဲ အနေနဲ့ ရေအရင်းအမြစ်တွေ ဆုံးရှုံးလာမှာ ဖြစ်ပြီး လူသားတွေရဲ့ နေ့စဉ်လူနေမှု ဘဝတွေအပေါ် ဆိုးကျိုးတွေ သက်ရောက်လာစေမှာ အသေအချာပါ။
ကိုဗစ်ကာလ အတွင်း သစ်တော သစ်ပင်တွေ ပျိုးထောင်ရေး အတွက် ပါကစ္စတန်နိုင်ငံရဲ့ ဆောင်ရွက်နေမှုက အတုယူစရာပါ။ ပါကစ္စတန်အစိုးရက နိုင်ငံကို စိမ်းလန်းစိုပြည်စေဖို့ ၁၀ ဘီလီယံ သစ်ပင်များ (10 Billion Trees) အစီအစဉ်ကို စတင်ခဲ့ပါတယ်။ ဒီကာလ အတွင်း အလုပ်လက်မဲ့ ဖြစ်ခဲ့သူတွေထဲက ၆၃,၀၀၀ ကျော်ကို သစ်ပင်စိုက်ပျိုးရာမှာ အလုပ်ပြန်ပေးခဲ့ပါတယ်။ မြို့တော်အစ္စလာမ်မာဘတ်နားက မြေတွေမှာ သစ်ပင်တွေ စတင်စိုက်ပျိုးခဲ့ပြီး အောင်မြင်မှုလည်း ရနေပါတယ်။ ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ဖို့ပါ ရည်ရွထားတယ် လို့ သိရပါတယ်။
ကျမတို့ နိုင်ငံဟာ စိုက်ပျိုးရေး နိုင်ငံ ဖြစ်တဲ့ အတွက် ရာသီဥတု ပြောင်းလဲမှုက စိုက်ပျိုးရေးအပေါ် သက်ရောက်နေ တာကြောင့် ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေးကို မဖြစ်မနေ လုပ်ဆောင်ရမှာပါ။ အဲဒီလို လုပ်ဆောင်ရာမှာ သစ်တောသစ်ပင် ပြန်လည်ပြုစုပျိုးထောင်ရေးကသာ အကောင်းဆုံးနည်းလမ်း ဖြစ်ပြီး ကာဗွန်ထုတ်လွှတ်မှုကိုပါ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
တရားမဝင်သစ်ထုတ်လုပ်မှုတွေကို ထိထိရောက်ရောက် အရေးယူမယ်၊ နှစ်ရှည်စီမံကိန်းနဲ့ သစ်တောပြုစုထိန်သိမ်းရေး လုပ်ငန်းတွေ လုပ်ဆောင်မယ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နယ်မြေတွေ တိုးချဲ့ဖော်ဆောင်မယ်၊ ဒေသခံပြည်သူတွေကိုယ်တိုင်လည်း အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းတွေ တည်ဆောက်မယ် ဆိုရင် အောင်မြင်မှုတွေ ရရှိလာမှာ ဖြစ်သလို ရာသီဥတုပြောင်းလဲမှုကိုပါ တိုက်ဖျက် တားဆီးရာရောက်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။