ရေးသားသူ- ဘရာဂျင်ဒြာ နဗ်နစ်
(အိန္ဒိယသံအမတ်၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အိန္ဒိယနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်)
အိန္ဒိယ၊ တောင်အာဖရိကအပါအဝင် အခြားသော နိုင်ငံ ၈ ခုက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကို ကုန်သွယ်ရေးဆိုင်ရာ မူဝါဒဆိုင်ရာတွေထဲက မူပိုင်ခွင့်နဲ့ သက်ဆိုင်တဲ့ အချို့အချက်အလက်တွေကို ခေတ္တဖြေလျှော့ပေးဖို့ အဆိုပြုတင်ပြထားပါတယ်။ ဒါက ဘာလဲဆိုတော့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးတွေ ကုသဆေးတွေကို အရှိန်အဟုန်မြှင့်ပြီး ထုတ်လုပ်လာကြတဲ့အခါ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က သတ်မှတ်ထားတဲ့ TRIPS လို့ အများသိကြတဲ့ မူပိုင်ခွင့်ဆိုင်ရာ မူဝါဒတွေက ဒီအဆိုပြုတဲ့ နိုင်ငံတွေရဲ့ ဆေးဝါးထုတ်လုပ်မှုတွေကို အဟန့်အတား မဖြစ်စေဖို့ပါပဲ။ အဆိုပြုချက်အပေါ် ကန့်ကွက်လိုသူ အနည်းစု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှာ ရှိခဲ့ပေမယ့် ဒီအဆိုပြုချက်ကို အဖွဲ့ဝင်တွေ အတော်များများက သဘောတူ ထောက်ခံခဲ့ကြပါတယ်။ အမျိုးမျိုးသော နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ကမ္ဘာတဝှမ်းက လူမှုအခြေပြု အဖွဲ့အစည်းတွေကလည်း ဒီအဆိုပြုချက်ကို ထောက်ခံခဲ့ပါတယ်။
လက်ရှိအခြေအနေဟာ ကျနော်တို့ တခါမှ မရင်ဆိုင်ခဲ့ရဖူးတဲ့ အခြေအနေဖြစ်နေပြီး ဒါကို သမားရိုးကျနည်းလမ်းတွေနဲ့ သာမန် ဖြေရှင်းလို့ ရမယ့်အခြေအနေ မဟုတ်ပါဘူး။ ရောဂါပြန့်ပွားမှု လျော့နည်းအောင် ထိန်းချုပ်ဖို့အတွက် လုပ်ပိုင်ခွင့် အာဏာတွေကို အရေးပေါ် ပြဌာန်းပြီးတော့ တင်းကြပ်တဲ့ ကန့်သတ်ပိတ်ဆို့မှုတွေကို အချိန်ကာလတခုအထိ လုပ်ထားခဲ့တာတွေရဲ့ အကျိုးဖြစ်ထွန်းမှုရခဲ့တာတွေက သက်သေပါပဲ။ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရံပုံငွေအဖွဲ့ (IMF) ရဲ့ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ထုတ် ကမ္ဘာ့စီးပွားရေး ရှုမြင်သုံးသပ်ချက်မှာ “…ဘယ်လိုပဲ ဖြစ်ဖြစ်၊ အဆိုးထက် အကျိုး ရရှိနိုင်မှုက ပိုမိုကြီးမားပါတယ်။ အကယ်လို့သာ ဗိုင်းရပ်စ်ပိုးက တကျော့ပြန်လာခဲ့ရင် ကုသဖို့ ကာကွယ်ဆေးထိုးဖို့ ဆိုတာတွေက ကြိုတင်မျှော်မှန်းထားတာထက် ပိုပြီး နှေးသွားလိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း ဆေးတွေကို နိုင်ငံအသီးသီးက လက်ခံရရှိမှုတွေမှာ မညီမျှမှုတွေ ဖြစ်လာလိမ့်မယ်။ ဒီထက်မက တင်းကြပ်တဲ့ တားမြစ်ပိတ်ဆို့မှုတွေနဲ့ တယောက်နဲ့တယောက် ခြားပြီးနေဖို့ သတ်မှတ်ချက်တွေကို အသစ်အသစ်ထပ်ပြီး ထုတ်နေရရင်လည်း စီးပွားရေး လုပ်ဆောင်ချက်တွေက မျှော်မှန်းထားတာထက် ကျဆင်းသွားနိုင်ဖွယ်ရှိတယ်” လို့ ဆိုပါတယ်။
အခြေအနေတွေက ခန့်မှန်းထားတာတွေထက် ပိုပြီးဆိုးဝါးလာသလိုဖြစ်နေပါတယ်။ ၂၀၁၉ အတွင်း ခန့်မှန်းထားတဲ့ စီးပွားရေးအရ ဆုံးရှုံးနိုင်မှုတွေထဲက ၇ ရာနှုန်းကို ဆုံးရှုံးပြီးသွားပြီဖြစ်ပါတယ်။ ဒီရာနှုန်းက ကမ္ဘာ့ GDP ရဲ့ အမေရိကန်ဒေါ်လာ ၆ ထရီလီယံကျော် ဆုံးရှုံးခြင်းပဲ ဖြစ်ပါတယ်။ ကင်းလွတ်ခွင့်သာ ရခဲ့မယ်ဆိုရင် စီးပွားရေး ကဏ္ဍ ကင်းလွတ်ခွင့်သာ ရခဲ့မယ်ဆိုရင် ဒီဆုံးရံှုးမှု ပမာဏကို ခုနှိမ်နိုင်မှာဖြစ်ပြီး ကမ္ဘာ့GDP ရဲ့ ၁ ရာနှုန်း တိုးတက်မှု ရှိရင်ကို အမေရိကန်ဒေါ်လာ ၈၀၀ ဘီလီယံကျော် ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။
ကာကွယ်ဆေး ကုသဆေးတွေကို သင့်တင့်တဲ့ဈေးနှုန်းနဲ့ အချိန်မှီ ရရှိနိုင်အောင် သေသေချာချာ လုပ်ပေးနိုင်မယ်ဆိုရင် စီးပွားရေးမှာ ဝယ်လိုအားတွေ ပြန်လည်ရှင်သန်လာဖို့ ယုံကြည်ချက်တွေ မြင့်တင်ပေးနိုင်တဲ့ အရိပ်အခြည်တွေဖြစ်လာမှာပါ။
ကာကွယ်ဆေးတွေ အောင်မြင်မှု ရရှိလာနေတာနဲ့အတူ ကမ္ဘာတဝှမ်းမှာလည်း မျှော်လင့်ချက်ရောင်ခြည်တွေ ထွက်ပေါ်လာနေပါပြီ။ ဒါပေမယ့် ဒီဆေးတွေကို ကမ္ဘာတဝှမ်းလုံးက လူတိုင်းစေ့အတွက် ဘယ်လိုပုံစံနဲ့ရအောင်လုပ်မှာလဲ၊ ဈေးနှုန်းသင့်တင့်မျှတအောင် ဘယ်လိုလုပ်ကြမှာလဲ။
အခြေခံအကျဆုံး မေးခွန်းတခုကတော့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးဟာ တကမ္ဘာလုံးက လူတွေဆီရောက်ဖို့ လုံလုံလောက်လောက်ရှိပါ့မလား ဆိုတာပါပဲ။
အကောင်းဖက်ကနေပဲ ပြောရရင်တောင် ၂၀၂၁ နှစ်ကုန်တဲ့အထိ ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေးတွေ ကုသဆေးတွေကို ချမ်းသာတဲ့ တိုင်းပြည်မှာ ဖြစ်စေ၊ ဆင်းရဲတဲ့နိုင်ငံမှာဖြစ်စေ လူတိုင်း လူတိုင်းဆီ ပေးနိုင်မယ်ဆိုတဲ့ အာမခံချက် မရှိသေးတာပါပဲ။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) အဖွဲ့ဝင်နိုင်ငံတွေအားလုံးက တညီတညွတ်တည်း သဘောတူညီကြတဲ့အချက်ကတော့ ကမ္ဘာ့လူဦးရေအားလုံးအတွက် ကြီးမားတဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေးနဲ့ ကုသဆေးတွေကို အရေအတွက်များများ ထုတ်လုပ်ဖို့ အရေးတကြီး လိုနေတယ် ဆိုတာပါပဲ။
အခုလို ကာကွယ်ဆေး ကုသဆေးတွေကို ပမာဏ အများကြီး အရေးပေါ် ထုတ်လုပ်ရတဲ့အခါ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ချမှတ်ထားတဲ့ တချို့သော မူပိုင်ခွင့်ဆိုင်ရာ မူဝါဒတွေဟာ တားဆီးမှု တစုံတရာမဖြစ်အောင် သေချာစေဖို့ အိန္ဒိယအပါအဝင် နိုင်ငံတွေက “TRIPS Waiver Proposal” ဆိုတဲ့ အဆိုပြုချက်ကို တင်သွင်းတာပဲ ဖြစ်ပါတယ်။
TRIPS မှာ ရှိထားနှင့်ပြီးတဲ့ ခြွင်းချက်တွေ၊ ပြောင်းလွယ်ပြင်လွယ်နိုင်တယ်ဆိုတဲ့ သဘောတူညီချက်တွေက ဘာကြောင့် မလုံလောက်တာလဲ။
TRIPS မှာ ရှိထားနှင့်ပြီးတဲ့ ပြောင်းလွယ်ပြင်လွယ်နိုင်တယ်ဆိုတဲ့ သဘောတူညီချက်မှာ အခုလို ကပ်ဘေးကာလကို ထည့်သွင်းစဉ်းစားထားတာမဟုတ်လို့ အခုလိုကာလ ခြွင်းချက်တွေအတွက် ပြည့်စုံကုံလုံအောင် မလုပ်ဆောင်ပေးနိုင်ပါဘူး။ မဖြစ်မနေလိုအပ်တဲ့ လုပ်ငန်းဆိုင်ရာ လိုင်စင်တွေဟာ နိုင်ငံအလိုက်၊ လုပ်ငန်းအလိုက်၊ ထုတ်ကုန်တွေအလိုက် ထုတ်ယူကြရတာဖြစ်သလို၊ ဒီလိုင်စင်တခုစီကို ထုတ်ပေးသင့်မသင့်ဆိုတာတွေကို မူပိုင်ခွင့်မူဝါဒအရ စဉ်းစားဆုံးဖြတ်ပေးရတာတွေက တကယ်တော့ နိုင်ငံတွေအချင်းချင်း ပူးပေါင်းလုပ်ဆောင်ရတဲ့ ကိစ္စတွေမှာ အင်မတန် နှေးကွေးလေးလံ စေပါတယ်။ ကျွန်ုပ်တို့အနေနဲ့ TRIPS ရဲ့ ခြွင်းချက်တွေ၊ ပြောင်းလွယ်ပြင်လွယ်တဲ့ သဘောတူညီချက်တွေ ထားပေးတာကိုလည်း အားပေးသလို၊ တဆက်တည်းမှာပဲ အချိန်ယူလွန်းတဲ့ ဝန်လေးစေတဲ့အချက်တွေကို ပြီးပြည့်စုံအောင် ပြန်လည်ပြုလုပ်ပေးစေချင်ပါတယ်။ ဒါကြောင့် အခုလို ဈေးနှုန်းသင့်တင့်မျှတတဲ့ ကာကွယ်ဆေး၊ ကုသဆေးတွေကို အချိန်နဲ့ တပြေးညီ ရယူနိုင်ရေး ဆိုတာတွေအတွက် ဒီခြွင်းချက်တွေက မလုံလောက်ဘူးလို့ ပြောရခြင်းဖြစ်ပါတယ်။
ဒီလိုပါပဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ကိုဗစ်၁၉ ဆိုင်ရာ နည်းပညာကို ရယူပိုင်ခွင့် COVIC19-Technoligy Access Pool ဆိုတဲ့ C-TAP မှာ ကမ္ဘာတဝှမ်း ကိုဗစ်၁၉ ကာကွယ်ဆေး၊ ကုသဆေးတွေ မျှဝေသုံးစွဲနိုင်ဖို့အတွက် ဆေးအမြောက်အများထုတ်လုပ်ဖို့ နည်းပညာတွေ၊ အချက်အလက်တွေ၊ မူပိုင်ခွင့်တွေကို ပရဟိတအဖြစ် မျှဝေပါဝင်ကြဖို့ တိုက်တွန်းထားတာ ရှိပေမယ့်လည်း သိပ်ပြီးအားရကျေနပ်လောက်တဲ့ လုပ်ဆောင်မှုတွေကို မတွေ့ရသေးပါဘူး။ ကိုယ့်မှာရှိတဲ့မူပိုင်ခွင့်နဲ့လိုင်စင်ကို အများအတွက်ချပေးလိုက်တယ် ဆိုတာကလည်း ရှိတယ်ဆိုပေမယ့် တကယ်တမ်းမှာ လျှို့ဝှက် ဆိုတာရဲ့အောက်မှာပဲ ရှိနေပြီး သိသာ မြင်သာတာ မရှိပါဘူး။ လိုက်နာရမယ့် အချက်အလက်တွေ ဆိုတာကလည်း ပွင့်လင်းမြင်သာမှု မရှိပါဘူး။ အများကို ချပြထားတာတွေဟာလည်း ပမာဏအလိုက်၊ နိုင်ငံဒေသအစုအဖွဲ့အလိုက်အတွက် စသဖြင့် အကန့်အသတ်တွေရှိနေတာကြောင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုလို့ ဆိုတာထက် ကိုယ့်နိုင်ငံအတွက်ဆိုတာမျိုးအတွက်ကိုပဲ ဦးစားပေးလိုတဲ့ဆန္ဒကို အားပေးအားမြှောက်ပြုသလို ဖြစ်နေပါတယ်။
ရှိနှင့်ပြီးသား ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုထက် ကျော်လွန်ပြီး လုပ်ဖို့ ဘာကြောင့် လိုအပ်နေတာလဲ။
ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တွေဖြစ်တဲ့ COVAX ဖွဲ့စည်းမှု၊ ACT-Accelerator လုပ်ဆောင်မှုဆိုတာတွေက ၇.၈ ဘီလီယံသော ကမ္ဘာ့လူဦးရေရဲ့ ကြီးမားလှတဲ့ လိုအပ်နေမှုကို ပြည့်မှီဖို့ မလုပ်ဆောင်နိုင်ပါဘူး။ ACT-A စုစည်းလုပ်ဆောင်မှုက လာမယ့်နှစ်ကုန်ပိုင်းမှာ ကာကွယ်ဆေး ၂ ဘီလီယံ စုဆောင်းပြီး ကမ္ဘာ့အနှံ့ဖြန့်နိုင်ဖို့ ရည်ရွယ်လုပ်ဆောင်နေပါတယ်။ ကာကွယ်ဆေးက လူတဦးကို ၂ ကြိမ် ထိုးနှံရမှာ ဖြစ်လို့ ဒီအစီအစဉ်က ကမ္ဘာ့လူဦးရေ ၁ ဘီလီယံကိုသာ ကာကွယ်ဆေး ပေးနိုင်မှာပါ။ ဒါက ဘာကို ပြနေသလဲ ဆိုတော့ အကယ်လို့ ဒီ ACT-A အစီအစဉ်ဟာ ငွေကြေး ပြည့်ပြည်စုံစုံနဲ့သာ ဘာပြဿနာမှ မရှိပဲ ရည်မှန်းထားချက်အတိုင်း သေချာလုပ်နိုင်မယ်ဆိုရင်တောင် ကမ္ဘာ့လူဦးရေအများစုအတွက် ကာကွယ်ဆေး လုံလုံလောက်လောက်ပေးနိုင်မှာ မဟုတ်ပါဘူး။
အတိတ်က အတွေ့အကြုံ
လက်ရှိ ကပ်ရောဂါကာလ အစပျိုးခဲ့တဲ့ လပိုင်းတွေတုန်းက နှာခေါင်းစည်း maskတွေ၊ PPE ဝတ်စုံတွေ၊ လက်သန့်စင်ဆေးရည်တွေ၊ လက်အိပ်တွေနဲ့ အခြားသော ကိုဗစ်၁၉ ရောဂါကို ကာကွယ်ပေးနိုင်မယ့် မရှိမဖြစ်အသုံးအဆောင်တွေ ဆေးပစ္စည်းတွေဟာ ချက်ခြင်းသုံးရမှာမျိုး မဟုတ်တာတောင် လုံးဝကို ပစ္စည်းတွေပြတ်လပ်ကုန်တဲ့အထိ ကြုံခဲ့ကြရပါတယ်။ အခု ကာကွယ်ဆေး ကိစ္စမှာတော့ ဒီလိုအဖြစ်မျိုး ထပ်အဖြစ်မခံသင့်ပါဘူး။
တကယ်တမ်းတော့ ကျနော်တို့ဟာ ကိုဗစ် ၁၉ ကာကွယ်ရေး မရှိမဖြစ်လိုအပ်တဲ့ အသုံးအဆောင်တွေကို ချက်ခြင်းပဲ အများအပြား ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒါက မူပိုင်ခွင့်ဆိုင်ရာ တားမြစ်ချက်တွေ ကန့်သတ်ချက်တွေ က ဒီလိုထုတ်လုပ်မှုတွေအတွက် အဟန့်အတားတစုံတရာ မဖြစ်ခဲ့လို့ပါပဲ။
လက်ရှိအခြေအနေမှာလည်း ကျနော်တို့ဟာ မူပိုင်ခွင့်တွေကို ဘယ်လိုမျှဝေပြီးတော့ ကာကွယ်ဆေးတွေ ကုသဆေးတွေကို ဘယ်လို အများအပြားတဟုန်ထိုး ထုတ်မယ်ဆိုတာတွေ လိုအပ်နေပါတယ်။ ကံဆိုးစွာနဲ့ပဲ ဖြေလျှော့ချက်တွေ ထည့်သွင်းစဉ်းစားတဲ့အခါ မရှိမဖြစ်လိုအပ်ချက်အဖြစ် ဒီအချက်က အရန်သင့် ပါရှိမနေပါဘူး။
အခု ကျနော်တို့ ရင်ဆိုင်နေရတာဟာ ကမ္ဘာ့ကပ်ရောဂါပါ။ တခါမှ မကြုံဖူးတဲ့၊ ကျနော်တို့တသက်တာအတွက် ထူးကဲတဲ့ ဖြစ်ရပ်ကြီးပါ။ ဒီဖြစ်ရပ်ကြီးကြောင့် သက်ဆိုင်ရာအစုအဖွဲ့တွေ အများအပြား စုပေါင်းလုပ်ဆောင်မှုတွေ ရှိလာခဲ့ရပါတယ်။ သိပ္ပံပညာရှင်တွေ၊ သုတေသန ပညာရှင်တွေ၊ ပြည်သူ့ကျန်းမာရေးကျွမ်းကျင်သူတွေ၊ တက္ကသိုလ်တွေဟာ နိုင်ငံတွေအချင်းချင်း ပူးပေါင်းလုပ်ဆောင်မှုတွေကနေ အသိပညာတွေ နည်းပညာတွေ မျှဝေရရှိခဲ့ကြပြီး မြောက်မြားလှတဲ့ ပြည်သူ့ရံပုံငွေတွေနဲ့ ဒီလို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ကြတာတွေကြောင့် အချိန်တိုအတွင်းမှာ ကာကွယ်ဆေးကို ထုတ်လုပ်နိုင်ခဲ့ကြတာပါ။ ဒါက မူပိုင်ခွင့် ဆိုတာ တခုတည်းနဲ့ ဖြစ်လာရတာ မဟုတ်ပါဘူး။
ရှေ့ဆက်ဖို့
TRIPS ကို ခြွင်းချက်ထား ဖြေလျှော့ပေးဖို့ တောင်းဆိုတာရဲ့ ရည်မှန်းချက်ကတော့ လက်ရှိကမ္ဘာမှာ ရင်ဆိုင်နေရတဲ့၊ ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ် လိုအပ်ချက်ကို အချိုးကျကျတုံ့ပြန်ဖြေရှင်းမှု ရှိဖို့အတွက်ပါပဲ။ ဒီဖြေလျှော့ပေးဖို့ တောင်းဆိုချက်ဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ကို ဖွဲ့စည်းပေးခဲ့တဲ့ မာရာကရှ် သဘောတူညီမှုရဲ့ အပိုဒ် ၉ ပါ စီမံချက်တွေရဲ့ ဘောင်အတွင်းကနေပဲ လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ကာကွယ်ဆေးကို အချိန်မှီမရတာ၊ ဆေးဖိုးမတတ်နိုင်တာတွေကြောင့် လူသားတွေရဲ့ ဘဝတွေဆုံးပါးရမယ့် အခြေအနေတွေ မဖြစ်ဖို့ သေချာရေရာမှု ပေးနိုင်အောင် ဒီဖြေလျှော့မှုတွေကနေ အထောက်အပံ့ပေးနိုင်ပါလိမ့်မယ်။ ဖြေလျှော့မှုတွေကို အတည်ပြုပေးလိုက်မယ်ဆိုရင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အပေါ် အများက ယုံကြည်လက်ခံနိုင်မှုကိုလည်း ပြန်လည်တည်ဆောက်နိုင်မှာ ဖြစ်သလို အခုလို ဘေးအန္တရာယ် ကြုံနေရတဲ့ ကာလမျိုးမှာလည်း ဘက်စုံကုန်သွယ်ရေးစနစ်ဟာ အကျိုးရှိရှိ ဆက်လက်လည်ပတ်နေနိုင်တယ်ဆိုတာကို ပေါ်လွင်ထင်ရှားစေပါလိမ့်မယ်။ အခုအချိန်ဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်တွေအနေနဲ့ ဖြေလျှော့ချက်တွေကို အတည်ပြုဖို့ လိုက်နာဆောင်ရွက်ပြီးတော့ လူ့အသက်တွေကို ကယ်တင်ဖို့၊ ပြိုလဲသွားတဲ့ စီးပွားရေးကို မြန်မြန်ဆန်ဆန် ပြန်လည်တည့်မတ်ရာမှ ပါဝင်ကူညီဖို့ အချိန်ပဲ ဖြစ်ပါတယ်။
ကာကွယ်ဆေးတွေ ထွက်ပေါ်လာဖို့ စမ်းသပ်မှုတွေကို လုပ်တာဟာ သိပ္ပံနည်းပညာကဏ္ဍဆိုင်ရာ ဖြစ်ပါတယ်။ ဒီက ရလာတဲ့ ကာကွယ်ဆေးကို အများလက်ဝယ် ဈေးနှုန်းသင့်သင့်တင့်တင့်နဲ့ လွယ်လွယ်ကူကူ ရနိုင်ဖို့ လုပ်ရမှာကတော့ လူသားဆန်မှုပဲ ဖြစ်ပါတယ်။ သမိုင်းစာမျက်နှာမှာ ကျနော်တို့ကို “AAA” အဆင့် အဖြစ် မှတ်သားကျန်ရှိနေပါလိမ့်မယ်။ ဒါတွေက ဘာလဲ ဆိုတော့ ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေးနဲ့ ကုသဆေးတွေကို ရှိနေခြင်း၊ သုံးစွဲခွင့်ရခြင်း၊ တတ်နိုင်ခြင်း ဆိုတဲ့ Availability, Accessibility, Affordability တွေပဲ ဖြစ်ပါတယ်။ ကာကွယ်ဆေး ရှိခြင်း ဆိုတဲ့ Availability “A” တလုံးတည်း မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ အနာဂတ် မျိုးဆက်တွေဟာ ဒီအရာတွေကို ခံစားရရှိထိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး ဘရာဂျင်ဒြာ နဗ်နစ်၏ အင်္ဂလိပ် ဘာသာဖြင့် ရေးသားထားသော “Science has delivered, will the WTO deliver? TRIPS waiver proposal from India, South Africa and other members” အတွေးအမြင် ဆောင်းပါးကို ဆောင်းပါးရှင်၏ ခွင့်ပြုချက်ဖြင့် မြန်မာဘာသာသို့ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
ဆောင်းပါးပါ အချက်အလက်များမှာ ဆောင်းပါးရှင်၏ အာဘော်များသာဖြစ်ပါသည်။
#voiceofmyanmar #VOM #ကိုဗစ်ဆောင်းပါး ဘရာဂျင်ဒြာ နဗ်နစ်
Photo: Reuters + Getty images