အလုပ်သမား၉ဦး အလုပ်ထုတ်ခံရလို့ အလုပ်သမားရာနဲ့ချီ ဆန္ဒပြမှုဖြစ်ပွား

ဇန်နဝါရီ ၂၁ -၂၀၂၁
အေးချမ်းသူ(VOM)

လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်ရှိ ဟန်းမိန်အထည်ချုပ်စက်ရုံမှာ အလုပ်သမား၉ ဦး အလုပ်ထုတ်ခံရလို့ အလုပ်သမားရာနဲ့ချီ ဆန္ဒပြမှု မနေ့ ဇန်နဝါရီ ၂၀ရက်နေ့ကနေ ဒီကနေ့ မနက်ပိုင်းအထိ ဖြစ်ပွားနေပါတယ်။

ဥပ‌ဒေပါအခွင့်အရေးတွေမရရှိခြင်းနဲ့ ကျွမ်းကျင်‌ကြေးကို လစာစလစ်မှာ ဥပ‌ဒေပါအတိုင်း အလုပ်ရှင်အနေနဲ့ ထည့်သွင်းဖော်ပြပေးဖို့ အလုပ်သမား ၉ ဦးဟာ မြို့နယ်အလုပ်သမားဦးစီးဌာနတိုင်ကြားခဲ့ရာ အလုပ်ရှင်ကနေ မနေ့ ဇန်နဝါရီ ၂၀ရက်နေ့က အလုပ်ထုတ်ခဲ့တာဖြစ်ပါတယ်။

အလုပ်ထုတ်ခံရတဲ့ မယွန်းရွှေစင်က “ကျနော်တို့ကို အလုပ်ထုတ်တယ်၊ သူတို့ကိုတိုင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အဲ့ဒါကို ကျန်တဲ့အလုပ်သမားတွေက မကျေနပ်လို့တောင်းဆိုတယ်၊ တောင်းဆိုတဲ့သူတွေပါ စက်ရုံထဲပေးမဝင်တော့ မနေ့ကတည်းက”လို့ ပြောပါတယ်။

အလုပ်သမား ၉ဦးကို အလုပ်ထုတ်လိုက်လို့ အလုပ်သမား ၁၃၀ဦးဟာ အလုပ်ပြန်ခန့်ရေးအတွက် စက်ရုံရှေ့မှာ မနေ့ မနက်ပိုင်းက စတင်တောင်းဆိုကြရာ ရဲတပ်ဖွဲ့ဝင်တွေ ၊အုပ်ချုပ်ရေးပိုင်တာဝန်ရှိသူတွေ လာရောက်ကာ အလုပ်ရှင်နဲ့ညှိနိူင်းခဲ့ပေမယ့် အဆင်ပြေမှုမရှိခဲ့ဘူးလို့ သွားရောက်ကူညီဖြေရှင်းပေးနေတဲ့ FGWMအဖွဲ့မှ စည်းရုံးရေးမှူး ကိုဘိုဘိုမင်းခန့်က ပြောပါတယ်။

” လက်ရှိအခြေအနေမှာတော့ အလုပ်ရှင်က အလုပ်သမား နှစ်ရာနီးပါးကို စက်ရုံထဲ ပေးမဝင်တာကြောင့် အပြင်ဘက်ကနေ အလုပ်ခွင်ပြန်လည်ဝင်ရောက်နိူင်ရေးအတွက် စုပေါင်းတောင်းဆို ဆန္ဒပြနေတယ်”လို့ ကိုဘိုဘိုမင်းခန့်က ပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်မိုးစန္ဒာမြင့်က “အလုပ်ရှင်တွေက ဘယ်လိုသဘောထားလဲဆိုတော့ အလုပ်သမားတွေစုပေါင်းတောင်းဆိုရင် ကိုဗစ်ကာလဆိုတော့ အပြင်မှာရေရှည်တောင့်မခံနိူင်ဘူး လူမစုနိူင်ဘူး၊ ကိုဗစ်ဥပဒေကလည်းရှိနေတော့၊ ဒါကြောင့် အလုပ်သမားတွေကို အထဲပေးမဝင်တာ၊ အဲ့သဘောနဲ့ အလုပ်ရှင်ကလုပ်တာ”လို့ သုံးသပ်ပြောဆိုပါတယ်။

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဖန်ချက်ဝန်ဦးရွှေအိုလမ်းနဲ့ မောင်ကျန်သီလမ်းထောင့်၊ အမှတ်(174/175)ရှိ ဟန်းမိန်အထည်ချုပ်စက်ရုံဟာ အလုပ်သမား ၈၀၀ဦးနဲ့ လည်ပတ်နေတဲ့ စက်ရုံလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ရက်ကလည်း ရွှေလင်ပန်းစက်မှုဇုန်ရှိ Unique HTTအထည်ချုပ်စက်ရုံမှ အလုပ်သမား ၅ ရာကျော်ဟာ စက်ရုံရှေ့မှာဆန္ဒပြခဲ့ကြပြီး အလုပ်ရှင်နဲ့ အလုပ်သမား ညှိနိူင်းမှုအဆင်ပြေခဲ့တာလည်း ရှိပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #အထည်ချုပ်စက်ရုံ #ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW