အခြေခံပညာဦးစီးဌာနက ဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေးထိုးဖို့ စာရင်းတောင်းယူ

ဇန်နဝါရီ ၂၂ – ၂၀၂၁
သိင်္ဂီထွန်း (VOM)

အခြေခံပညာဦးစီးဌာနက ဝန်ထမ်းတွေကို ကာကွယ်ဆေးထိုးပေးနိုင်ဖို့အတွက် ဝန်ထမ်းအင်အား လူဦးရေစာရင်းအချုပ်ကို ဒီကနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ တင်ပြရမှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနကနေ သိရပါတယ်။

ဝန်ထမ်းအင်အား အသေးစိတ်စာရင်း၊ အခြေအနေကိုတော့ လာမယ့် ဇန်နဝါရီလ ၂၇ ရက်နေ့ရောက်မှသာ တင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။

“ဒီနေ့နောက်ဆုံးဆိုတာ စာရင်းချုပ်ကိုပဲတောင်းတာ၊ မနေ့ကထုတ်တဲ့ ဒီနေ့နောက်ဆုံးဆိုတာကို တချို့တွေက အပြစ်ပြောပြီး ဖွနေတာရှိတယ်။ ကျနော်တို့မှာက အရေအတွက် အားလုံးပေါင်းစာရင်းတွေကရှိပြီးသား၊ လူနာမည်ရော အကုန်ရှိပြီးသား၊ ဖုန်းနံပါတ်တို့ အဖအမည်တို့ပဲထည့်ရမှာ”လို့ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချူပ် ဦးကိုလေးဝင်းကပြောပါတယ်။

ကာကွယ်ဆေးတွေထိုးပြီးနောက်ပိုင်းမှာတော့ အခြေခံပညာကျောင်းတွေကို ပြန်လည်ဖွင့်လှစ်နိုင်ဖွယ်ရှိပြီး ကျောင်းသားတွေကတော့ အသက် ၁၈ နှစ်အောက်တွေဖြစ်လို့ ကာကွယ်ဆေးထိုးနှံမယ့်အထဲ မပါဝင်သေးဘူးလို့ ပြောပါတယ်။

အခြေခံပညာဦးစီးဌာန တစ်ခုထဲမှာတင် တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းပေါင်း ၅ သိန်းဝန်းကျင်ရှိပြီး အဲ့ဒီအထဲမှာNon Teaching နဲ့ Teaching အားလုံးပါဝင်တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဟာ COVID-19 ကာကွယ်ဆေးရရှိနိုင်မှုအပေါ် မူတည်ပြီး ကိုဗစ်ရောဂါကူးစက်နိုင်ခြေ အမြင့်မားဆုံးအုပ်စုကို ရောဂါကူးစက်ပြန့်ပွားမှုကနေ ကာကွယ်ဖို့နဲ့ သေဆုံးမှုကို လျှော့ချနိူင်ဖို့၊ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ကာ ပုံမှန်လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့ ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနရှိ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးရုံးတွေအနေနဲ့ တိုင်းဒေသကြီး၊ပြည်နယ်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းအင်အားစာရင်းကို ကာကွယ်ဆေးလုပ်ငန်းမှာအသုံးပြုဖို့အတွက် စာရင်းကို ဒီကနေ့မှာ မပျက်မကွက်ပေးပို့ဖို့ ဇန်နဝါရီလ ၂၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပြောဆိုထားတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကိုဗစ်ကာကွယ်ဆေး #အခြေခံပညာဝန်ထမ်း #စာရင်းကောက်ယူ

Related posts

Leave a Comment

VOM News

FREE
VIEW