ဒီးမော့ဆို ခူးပရာတောင်ကို ခရီးသွားလုပ်ငန်းအဖြစ် ဖော်ဆောင်မယ်

ဇန်နဝါရီ ၂၅ -၂၀၂၁
ကောင်းလက်ျာ(VOM)

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနီးက ခူးပရာတောင်တန်း‌ဒေသကို သဘာဝအခြေခံခရီးသွားလုပ်ငန်း ဒေသသစ်အဖြစ် ဖော်ဆောင်နေတယ်လို့ ကယားပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။

” ထိုင်းနိုင်ငံဘက်ကပြန်လာမယ့် ကယန်းတိုင်းရင်းသားတွေနဲ့ ဒေသခံတွေထဲမှာ ခရီးသွားလုပ်ငန်းလုပ်ချင်သူတွေကို နေရာချပေးမယ့် အစီစဉ်လည်းပါတယ်။ ဒီ‌း‌မော့ဆိုမြို့နယ်၊ ပန်ပက်ရွာတစ်ဝိုက်‌လို့ပြောရမှာပါ”လို့ ကယားပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ခံ ဦးလင်းဇော်ထွဋ်က ပြောပါတယ်။

လုပ်ငန်းဖော်ဆောင်ရာမှာ ကယန်းတိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့၊ ဂျပ်ခုတ်လုပ်ငန်း၊ ‌Trekking နဲ့တောတောင်ရေမြေသဘာဝရှုခင်းကို လေ့လာနိုင်မှာဖြစ်သလို ရာသီဥတုအပေါ်မူတည်ပြီး တိမ်ပင်လယ်ရှုခင်းတွေကို ကြည့်ရှုနိုင်မှာဖြစ်တယ်လို့ ဒီးမော့ဆိုမြို့နယ် အုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။

ဒီးမော့ဆိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်က ” သစ်တောကြိုးဝိုင်းနေရာဆိုတော့ မြေ အမည်ပေါက်ရအောင်လျှောက်တာကို အရင်လုပ်ရတယ်။ အခု ပြည်နယ်အစိုးရအဖွဲ့ဆီတင်ထားပြီ။ ပန်ပက်ဒေသကဟိုဘက်ကဆင်ဖြူတောင်ထက် ပိုလှတယ်”လို့ ပြောပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့နယ်နဲ့ မိုင်သုံးဆယ်ကျော်သာ ကွာဝေးတဲ့ ခူးပရာတောင်‌‌ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၅၈၀၀ ကျော်ရှိ‌နေပြီး အဲ့ဒီဒေသကနေ ဆင်ဖြူတောင်နဲ့ ကယန်းတိုင်းရင်းသားတွေ နေထိုင်တဲ့ ပန်ပက်ရွာတွေကို သွားလာလည်ပတ်နိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

အဲ့ဒီဒေသမှာ ကိုဗစ်ကူးစက်ရော‌ဂါ အထိုက်အလျောက်သာရှိပေမယ့်လည်း ခရီးသွားတွေအလာများတဲ့ နေရာတွေကို သွားလာလည်ပတ်ခွင့်ရပ်နားထားတာဖြစ်ပါတယ်။

ဒီးမော့ဆိုမြို့နယ်၊ ကန်ခုနှစ်ဆင့်နေရာကို လာရောက်လည်ပတ်သူ
များပြားခဲ့တာ‌ကြောင့် အခုလ ပထမအပတ်ခန့်မှာပဲ ဒေသခံတွေဟာ ခြံစည်းရိုးကာရံပြီး တားမြစ်ထားရတယ်လို့လည်း သိရပါတယ်။

၂၀၁၅ ခုနှစ်နောက်ပိုင်း ကယားပြည်နယ်ကို ခရီးသွားဧည့်သည်ဝင်ထွက်မ‌ှု တိုးတက်ခဲ့တာ‌ကြောင့် ၂၀၁၈ ခုနှစ်မှာ ပြည်ပခရီးသွားဧည့်သည် ၁၂၀၀၀ နီးပါး၊ ပြည်တွင်းခရီးသွား ၆၀၀၀၀ နီးပါးနဲ့ ၂၀၁၉ ခုနှစ်မှာ ပြည်ပခရီးသွားဧည့်သည် ၁၄၀၀၀ နီးပါး၊ပြည်တွင်းခရီးသွား ၁သိန်းနီးပါးခန့် လာရောက်လည်ပတ်ခဲ့တယ်လို့ ကယားပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာမ‌ှု ညွန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။

Photo – MOI
#voiceofmyanmar #VOM #ဒီးမော့ဆို #ခူးပရာတောင် #ခရီးသွားလုပ်ငန်းဖော်ဆောင်မယ်

Related posts

Leave a Comment

VOM News

FREE
VIEW