အကျဉ်းသားတွေ ဒီအချိန်မှာ ဘာလို့လွှတ်သလဲ

ဖေဖေါ်ဝါရီ ၁၂-၂၀၂၁
၇၄နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အနေနဲ့ အကျဉ်းသား ၂၀၀၀၀ကျော်ကို နစအ ကောင်စီက ပုဒ်မ ၄၀၁ နဲ့ လွှတ်ပေးခဲ့တဲ့အပေါ် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက မြန်မာပြည်တာဝန်ခံ ကိုအောင်မျိုးကျော်ကို VOM က ဆက်သွယ်မေးမြန်းထားပါတယ်။
VOM- ဒီနေ့ ပုဒ်မ ၄၀၁နဲ့ အကျဉ်းသား ၂၀၀၀၀ ကျော်လွှတ်တဲ့အပေါ် AAPP ရဲ့ သဘောထားလေး သိပါရစေ။
ကိုအောင်မျိုးကျော်- လွှတ်တာကတော့ဗျာ အပြင်ကိုရောက်လာတယ်ဆိုတာတော့ သူတို့အတွက်ကတော့ ဝမ်းသာစရာပါ။ ဒါပေမယ့် ဘယ်လိုရည်ရွယ်ချက်နဲ့ လွှတ်တာလဲ။ ပြန်လွတ်လာတဲ့ အကျဉ်းသားတွေ အနေနဲ့လည်း ပြည်သူတွေရဲ့ဆန္ဒပြပွဲမှာ ပူးပေါင်းပြီးတော့ပါဝင်လာမယ်ဆိုရင်တော့ ကျနော်တို့အားလုံးအတွက် အားတွေဖြစ်တယ်ပေါ့။ အဲ့လိုမဟုတ်ဘဲနဲ့ အဖျက်အမှောက်လုပ်ငန်းတွေ လုပ်ဖို့အတွက် ရည်ရွယ်ပြီး ပြန်လွှတ်တာဆိုရင်တော့ ဒါအင်မတန်ဆိုးရွားတဲ့ လုပ်ရပ်လို့ပဲ ပြောရမှာပဲ။
VOM- နိုင်ငံတကာမျက်နှာစာကို ပြဖို့မဖြစ်နိုင်ဘူးလား။
ကိုအောင်မျိုးကျော်- အဲ့လိုကတော့ မဖြစ်နိင်ဘူးလို့ ကျနော်ထင်တယ်။
ပုံစာ- အင်းစိန်ထောင်ကလွတ်လာတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်
VOM- ဘယ်လိုသုံးသပ်လဲ။
ကိုအောင်မျိုးကျော်- ဒီလိုမျိုး တနိုင်ငံလုံး အုန်းအုန်းကျွက်ကျွက်နဲ့ ပြည်သူ့ဆန္ဒကို ပြည်သူအကုန်လုံးက လမ်းပေါ်ထွက်ပြီး ဖော်ထုတ်နေတဲ့အချိန်မှာ ဒီအကျဉ်းသားတွေကို လွှတ်ပေးလိုက်ခြင်းအားဖြင့် ပြည်သူတွေ စိုးရိမ်စိတ်တွေ ဝင်လာမယ်။ ဒီလိုစိုးရိမ်စိတ်တွေမဖြစ်စေဖို့အတွက် လွတ်မြောက်လာတဲ့ အကျဉ်းသားတွေအနေနဲ့ ပြည်သူလူထုတရပ်လုံးနဲ့ ပူးပေါင်းပြီးတော့ လူထုတိုက်ပွဲကိုအောင်မြင်အောင် ဝိုင်းဝန်းပေးကြဖို့ ကျနော်တို့က ပြောချင်ပါတယ်။ သူတို့မှာတော့ နိုင်ငံတကာမျက်နှာစာအတွက်လို့ ကျနော်တို့က လုံးဝ မသုံးသပ်ဘူး။ လူထုကို စိတ်အနှောင့်အယှက်ပေးချင်လို့ ဒီလူတွေကို လွှတ်လိုက်တာလို့ပဲ ကျနော်တို့က မြင်တယ်။
VOM- လွတ်မြောက်လာတဲ့ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေဘယ်လောက်လောက် ပါဝင်တယ်လို့ သိရလဲခင်ဗျာ။
ကိုအောင်မျိုးကျော်- ကျနော်တို့ဆီကိုတော့ မတက်သေးပါဘူးဗျ။
VOM- သူတို့ လွတ်စေချင်တဲ့လူတွေကို လွှတ်တယ်လို့ပဲ ထင်လား။
ကိုအောင်မျိုးကျော်- ဒီလိုပဲ ထင်ပါတယ်။
VOM- နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်အနေနဲ့ အခုဒီ လူထုဆန္ဒပြမှုတွေ အရှိန်ကျသွားနိုင်တာမျိုးကို ဘယ်လိုထိန်းသင့်တယ်လို့ အကိုတို့ထင်လဲ။
ကိုအောင်မျိုးကျော်- အဓိက ကတော့ tempo က တဖြည်းဖြည်းနဲ့ တက်လာတယ်။ တိုက်ပွဲက ရေရှည်ဖြစ်သွားနိုင်တယ်လို့ ကျနော်တို့ သုံးသပ်တယ်။ အဲ့ဒီတော့CDM အားကောင်းအောင် ဒီထက်ပိုပြီးတော့ တဖြည်းဖြည်းနဲ့ အားကောင်းသထက်အားကောင်းလာအောင် ဝိုင်းဝန်းပေးကြဖို့လိုတယ်။ ပြည်သူလူထုတရပ်လုံး ပူးပေါင်းပါဝင်ပေးကြဖို့လိုတယ်။ CDM အားကောင်းဖို့အတွက် ဝန်ထမ်းတွေအားလုံး ပူးပေါင်းပါဝင်ပေးဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။
VOM- ခုလတ်တလော ဖမ်းခံထားရတဲ့လူတွေအတွက်ရော ဘာပြောချင်လဲခင်ဗျ။
ကိုအောင်မျိုးကျော်- အဲ့ဒီလူတွေအတွက် ကျနော်တို့ အင်မတန်မှ စိုးရိမ်တယ်။ ဘာမှ အပြစ်မရှိဘဲနဲ့ မတရားဖမ်းဆီးခံထားရတာ ဖြစ်တယ်။ ဒီလူတွေနဲ့ပတ်သက်ပြီးတော့ ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်။ ဥပမာ ကိုမြအေးတို့ ကိုမင်းသွေးသစ်တို့ဆိုရင် ကိုမြအေးဆို နှလုံးရောဂါရှိတယ်၊ ကိုမင်းသွေးသစ်ဆိုရင် အစာအိမ်ရောဂါရှိတယ်။ သူတို့ရဲ့ကျန်းမာရေးအတွက် ကျနော်တို့ အင်မတန်မှ စိုးရိမ်တယ်။ သူတို့ဆိုရင် ဘာမှမလုပ်ဘဲနဲ့ မတရားဖမ်းဆီးသွားတာြဖစ်တယ်။ ဒါကြောင့်မို့ အခုဖမ်းဆီးနေတဲ့ကိစ္စတွေဟာ ဥပဒေအရ ဖမ်းဆီးတာမဟုတ်ဘဲနဲ့ မတရားသဖြင့် ဖမ်းဆီးတာတွေဖြစ်တယ်။ ဒီလူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ လိုတယ်။ လူထုဆန္ဒကို အမြန်ဆုံးအကောင်အတည်ဖော်ပေးဖို့လိုတယ်လို့ ကျနော်ပြောချင်တယ်။

Related posts

Leave a Comment

VOM News

FREE
VIEW