မင်းလှမြို့နယ် မန်းသံပုရာကန်ရေနံချက်စက်ရုံက CDM ဝန်ထမ်းတွေ ဖိအားပေးခံရလို့ ကျီးလန့်စာစားဖြစ်

ဖေဖော်ဝါရီ ၁၈-၂၀၂၁
Voice Of Myanmar

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ် မန်းသံပုရာကန်ရေနံချက်စက်ရုံ CDM မှာပါဝင်တဲ့ အလုပ်သမားတွေကို လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖိအားပေးလို့ ဝန်ထမ်းတွေ ကျီးလန့်စာစားဖြစ်နေတယ်လို့ အဲ့ဒီစက်ရုံက အလုပ်သမားခေါင်းဆောင်တဦးဆီကနေ သိရပါတယ်။

မနေ့ ဖေဖော်ဝါရီ ၁၇ရက် ည၁၁နာရီလောက်က အလုပ်သမားခေါင်းဆောင် ၆ယောက်ကို ရဲကားတစ်စီး၊ ရဲဆိုင်ကယ် ၂၃ စီးနဲ့ စုစုပေါင်း လူ ၇၀ ခန့်က ဝန်ထမ်းအိမ်ရာတွေထဲလာပြီး ဖမ်းဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။

နေပြည်တော် လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်ကြီးဟောင်းဦးအောင်မြင့်နဲ့ နေပြည်တော်ရုံးချုပ်ကနေ ကိုယ်စားလှယ်အဖြစ် လွှတ်လိုက်တဲ့ အဲ့ဒီဌာနရဲ့ ညွှန်ကြားရေးမှူး အရင်စက်ရုံမှူးဟောင်း ဗိုလ်မှူးဟောင်းဦးလွင်စိုးတို့က ဖေဖော်ဝါရီ ၂၅ရက်နေ့မှာ စက်ရုံပြန်လည်ပတ်ဖို့ ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။

တကယ်လို့ ဖေဖော်ဝါရီ ၂၅ရက်နေ့မှာ စက်ရုံမလည်ပတ်ရင် ခုံရုံးဖွဲ့စစ်ဆေးပြီး ဝန်ထမ်းဥပဒေနဲ့ တရားစွဲမယ့်အပြင် အလုပ်တွေက ရပ်နားမယ်လို့လည်း ခြိမ်းခြောက်ခံနေရတယ်လို့ သိရပါတယ်။

“အခုလို ခြိမ်းခြောက်ခံရတာတွေရှိနေပေမယ့် ဝန်ထမ်းတွေက မိမိတို့မဲပေး ရွေးချယ်ခဲ့တဲ့ အစိုးရလက်အောက်မှာပဲ အလုပ်လုပ်ပြီး ဒီအစိုးရအတွက်ပဲ နိုင်ငံဘဏ္ဍာရှာပေးလိုတယ်။ တရားမဝင် နိုင်ငံအာဏာကိုယူထားတဲ့ အာဏာသိမ်းကောင်စီကို နိုင်ငံဘဏ္ဍာလုံးဝရှာပေးလိုစိတ်မရှိပါဘူး”လို့ အဲ့ဒီစက်ရုံရဲ့အလုပ်သမားခေါင်းဆောင်တဦးက ဆိုပါတယ်။

အထက်မင်းလှမြို့နယ် မန်းသံပုရာကန်ရေနံချက်စက်ရုံမှာ ထွက်ပေါက်တပေါက်ပဲရှိတဲ့အတွက် လာဖမ်းရင် ထွက်ပြေးရခက်တဲ့အပြင် ဝန်ထမ်းအားလုံးနေနေရတဲ့ ဝန်ထမ်းအိမ်ရာထဲကို ထောင်ထွက်တွေလွှတ်ပေးနေတယ်လို့ သတင်းတွေထွက်နေတာကြောင့် ကျီးလန့်စာစားနေရတဲ့အပြင် ညတွေမှာလည်း ကင်းစောင့်နေရတယ်လို့ ဆိုပါတယ်။

အဲ့ဒီစက်ရုံမှာ ဝန်ထမ်းအင်အား ၁ထောင်နီးပါးရှိပြီး အနီးပတ်ဝန်းကျင်မှာ စစ်တပ်တွေပဲရှိတဲ့အတွက် တစုံတခုဖြစ်မှာကို စိုးရိမ်နေရတယ်လို့လည်း သိရပါတယ်။

#VoiceOfMyanmar #VOM #အထက်မင်းလှမြို့နယ် #မန်းသံပုရာကန်ရေနံချက်စက်ရုံ #CDM #ဖိအားပေးခံနေရ

Related posts

Leave a Comment

VOM News

FREE
VIEW