ခရမ်းက သပိတ်စစ်ကြောင်းကို ကြည်းတပ်အပြင် ရေတပ်ကပါ ပိတ်ဆို့တားဆီး

မတ် ၁၂-၂၀၂၁
TG(VOM)

ဒီနေ့ မတ်လ ၁၂ ရက်နေ့မနက် ခရမ်းမြို့နယ်က ဆန္ဒပြလူထုသပိတ်စစ်ကြောင်းကို ရဲနဲ့ ကြည်းတပ်အပြင် ရေတပ် တပ်ဖွဲ့ဝင်တွေကပါ လာရောက်ပိတ်ဆို့တားဆီးမှုတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီလို ပိတ်ဆို့တားဆီးမှုတွေကြားကပဲ သပိတ်စစ်ကြောင်းနှစ်ခုခွဲပြီး မြို့တပတ်လှည့် ဆန္ဒထုတ်ဖော်နိုင်ခဲ့တယ်လို့ သိရပါတယ်။

“ဒီနေ့မှာ ရေတပ်ကပါ လာရောက်တာတွေ့ရတယ်။ အရင်ရက်တွေက သွားနေတဲ့လမ်းတွေအကုန်ပိတ်ဆို့ထားတယ်၊ ဒါနဲ့လမ်းကြောင်းပြောင်း သပိတ် ၂ ခုခွဲတမြို့လုံးပတ်ပြီး ဆက်လက်ပြတာလုပ်ပါတယ်။ နောက်ဆုံး ဖြိုခွဲရမှုမရှိဘဲ လူစုခွဲဆန္ဒပြမှု ပြီးဆုံးနိုင်ခဲ့တယ်”လို့ ဆန္ဒပြ ပါဝင်သူတစ်ဦးကပြောပါတယ်။

ဆန္ဒပြ လူထုသပိတ်စုရပ်ဖြစ်တဲ့ မီးသတ်ရုံးအရှေ့မှာပဲ ကြည်းတပ်၊ ရဲ၊ ရေတပ်က အင်အား ၅၀ ကျော်လောက်နဲ့ ဆန္ဒပြမယ့်သူတွေကို ပိတ်ဆို့တားဆီးခဲ့လို့ လူထုဟာ လမ်းကြောင်းပြောင်းပြီး စစ်ကြောင်းနှစ်ခုခွဲကာ မြို့တစ်ပတ် လှည့်လည်ဆန္ဒပြခဲ့ရတာဖြစ်ပါတယ်။

လမ်းကြောင်းပြောင်းပြီး ဆန္ဒပြချိန်မှာလည်း စစ်တပ်နဲ့ရဲတပ်ဖွဲ့ ဝင်တွေဟာ သပိတ်စစ်ကြောင်းနောက်ကနေ လိုက်လံမှုရှိခဲ့တဲ့အတွက် မြို့ခံလူထုက ဆိုင်ကယ်တွေနဲ့ နောက်ကနေ ပြန်ပြီးလိုက်လံ ပိတ်ဆို့တဲ့ပုံစံကို လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေက သန်လျင်မြို့ ဆန္ဒပြပွဲတွေကိုလည်း ရေတပ်က တပ်ဖွဲ့ဝင်တွေနဲ့ လာရောက်တားဆီးမှုတွေ ရှိခဲ့ပါတယ်။

#VoiceOfMyanmar #VOM #ခရမ်း #ကြည်းတပ် #ရေတပ် #ပိတ်ဆို့ #ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW