တောင်တွင်းကြီးဆေးရုံဝန်းထဲက CDM ဝင်ထားတဲ့ ကျန်မာရေးဝန်ထမ်းတွေ အလုပ်မဆင်းရင် အိမ်ရာကဆင်းဖို့ ညွန်ကြား

ရန်ကုန် မတ် ၁၂ . ၂၀၂၁
ယဉ်ပပထွန်း ( VOM )

မကွေးတိုင်းဒေသကြီး တောင်းတွင်းကြီးမြို့ တောင်တွင်းကြီးဆေးရုံဝန်း ဝန်ထမ်းအိမ်ရာမှာ CDM ဝင်ထားတဲ့ ဝန်ထမ်းတွေကို အလုပ်မဆင်းပါက ဝန်ထမ်းအိမ်ယာကနေ ဆင်းပေးရမယ်လို့ တောင်တွင်းကြီးကျန်းမာရေးအသိုင်းအဝိုင်းက သိရပါတယ် ။

ဝန်ထမ်းအိမ်ရာမှာနေကြတဲ့ CDM ဝင်ကျန်းမာရေးဝန်ထမ်းတွေကို ဒီနေ့မနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး ၊ မြို့နယ်ရဲမှူးတို့နဲ့အတူ တ-စ-က ကောင်စီဝင်အဖွဲ့တွေက အလုပ်ဆင်းရန်လာရောက်ပြောဆိုခဲ့ပြီး အလုပ်မဆင်းရင် ဝန်ထမ်းအိမ်ယာကနေ ၁၃ ရက်နေ့ နောက်ဆုံးထားပြီးဆင်းပေးရမယ်လို့ လာရောက်ပြောဆိုခဲ့တယ်လို့လည်းသိရပါတယ် ။

” လက်ရှိ အလုပ်ဖြုတ်တာတွေမလုပ်ပါဘူး ။ ဖိအားပေးတာမျိုးလည်းမရှိပါဘူး ။လောလောဆယ် သူတို့ အလုပ်ပြန်ပြီးဆင်းစေချင်တာပါ ။ အလုပ်မဆင်းရင် ဒီနေရာနေ ဖယ်ပေး ဆိုပြီးပြောသွားလို့ ကျွန်တော်လူဦးရေ ၉၀ ကျော်လောက်က အခုအိမ်ရာကဆင်းနေပါပြီ” လို့တောင်တွင်းကြီးကျန်းမာရေးမှူးတစ်ဦးက VOM ကိုပြောပါတယ် ။

အိမ်ရာဝန်းထဲကနေဆင်းလာတဲ့ ကျန်းမာရေးဝန်ထမ်းတွေနေထိုင်ဖို့ မြို့နယ်မှာ ရှိနေသူတွေအတွက်က စီစဉ်ပေးစရာမလိုပေမယ့် နယ်ဝေးကနေ လာရောက်လုပ်ကိုင်သူတွေအတွက်ကိုတော့ တောင်တွင်းကြီး CDM ပံ့ပိုးရေးကော်မတီကနေ စီစဉ်ပေး သွားမယ်လို့လည်း တောင်တွင်းကြီးမြို့နယ် တိုင်း( ၂) ကိုယ်စားလှယ် ဦးဝင်းမြတ်လှိုင်က ပြောပါတယ်။

လက်ရှိမှာတော့ ဆေးရုံဝန်ထမ်းအိမ်ရာကနေဆင်းလာတဲ့ ဝန်ထမ်းငယ်တွေအတွက်ကတော့အခက်အခဲများစွာဖြစ်ပေါ်နေတယ်လို့လည်း ကျန်းမာရေးမှူးကပြောပါတယ် ။

” လက်ရှိတော်တော်များများကတော့အခက်အခဲ ဖြစ်နေပါတယ် ။ CDM လုပ်လိုက်လို့ ကျွန်တော်တို့ဝန်ထမ်းတွေအနေနဲ့ကလစာမရကြဘူး ။ အထူးသဖြင့်ဝန်ထမ်းငယ်တွေမှာက လစာအပေါ် မှီခိုနေတာတွေ ကြိုယူထားတာတွေရှိနေတော့ အခက်အခဲ ဖြစ်နေပါတယ် ။ အားလုံးကတော့ အဆင်ပြေအောင်ကြိုးစားပြီးထိန်းထားပါတယ် ။ ကျွန်တော်တို့ကတော့ CDM လုပ်ထားတဲ့အတွက် မှန်းထားတဲ့ ပန်းတိုင်ရည်မှန်းချက်ရောက်မှဘဲ အလုပ်ပြန်ဆင်းမှာပါလို့” ဆိုပါတယ် ။

ဒါ့အပြင် တောင်းတွင်းကြီးမြို့မှာ CDM ဝင်ထားတဲ့ မြန်မာ့မီးရထားဝန်ထမ်းတွေ ၊ဆည်မြောင်းဌာနက တည်ဆောက်ရေးဝန်ထမ်းတွေနဲ့ ပြုပြင်ရေးဝန်ထမ်းတွေလည်း အိမ်ရာကနေ ဆင်းလာရပါက ထိုဝန်ထမ်းတွေအတွက် နေရာတွေအဆင်သင့်ဖြစ်ဖို့လည်း စီစဉ်ထားပေးထားတယ်လို့ ဦးဝင်းမြတ်လှိုင် ကပြောပါတယ် ။

#voiceofmyanmar #VOM #တောင်တွင်းကြီး

 

Related posts

Leave a Comment

VOM News

FREE
VIEW