တောင်ကုတ် ALD တွဲဖက်အတွင်းရေးမှူးအပါ (၃) ဦးကို ပုဒ်မ-၁၉ အပြင် ၅၀၅(က)နဲ့ပါ အမှုဖွင့်

မတ် ၁၅ – ၂၀၂၁
ထက်အောင်စိုင်း(VOM)

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) တွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်လင်းအပါအဝင် (၃) ဦးကို ငြိမ်စုစီ ပုဒ်မ-၁၉အပြင် နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ-၅၀၅(က)နဲ့ အမှုဖွင့်ကာ ရုံးထုတ်စစ်ဆေးမှုပြုလုပ်နေကြောင်း ALD ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အမှုဖွင့်ခံထားရသူတွေကတော့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) တွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်လင်း၊ တောင်ကုတ်ဒေသခံ ဦးမင်းလှိုင်ထွန်း (ခ) ကိုသားကြီးနဲ့ ကိုဇာနည်ထက်တို့ ဖြစ်ကာ သူတို့ကို တောင်ကုတ်တရားရုံးမှာ ရဲတပ်ဖွဲ့က အမှုဖွင့်ထားတာဖြစ်ပြီး ဒီကနေ့ မတ်လ ၁၅ ရက်မှာ Video Conference စနစ်နဲ့ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း ALD က ထုတ်ပြန်ပါတယ်။

သူတို့ (၃) ဦးအမှုကို ဆက်လက်စစ်ဆေးဖို့ လာမယ့် မတ်လ ၂၃ ရက်နေသို့ ထပ်မံရုံးချိန်းလိုက်ကြောင်း သိရပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ALD ပါတီတာဝန်ရှိသူတွေနဲ့ အဆက်အသွယ်ရရှိဖို့ ကြိုးစားခဲ့ပေမယ့် အဆက်သွယ်မရရှိခဲ့ပါဘူး။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD တွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်လင်း အပါအဝင် ၃ ဦးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က တောင်ကုတ်မြို့ စစ်အာဏာရှင်ဆန့် ကျင်ရေး လူထုဆန္ဒပြပွဲတစ်ခုမှာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းတာကို ခံခဲ့ရတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #တောင်ကုတ် #ALDအတွင်းရေးမှူးနဲ့သုံးဦး #၅၀၅နဲ့ပါအမှုဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW