သူတို့အိမ် အခန်း (၂၀၃)

ဆူးငှက်

 

 

၁၀သိန်းနှင့် ငါးကြင်းခေါင်း ရှာပုံတော်
—————————————–
တကယ်တော့ ကိုမြင့်ဆွေဆီ ဖုန်းဆက်စဉ်က ကျွန်တော့် ခေါင်းထဲတွင် ကိန်းဂဏန်းနှင့် ပတ်သက်၍ ၂မျိုးထဲပဲရှိသည်။ ကိုအောင်မင်းက ကူညီမည်ဆိုသော ၃သိန်းနှင့် မြို့သစ်ထဲမှာဆိုလျှင် မြေလေးတစ်ကွက် ရနိုင်သော ၁၀သိန်း ဟူသည့် ဂဏန်း၂လုံးပဲ ဖြစ်သည်။ ထို့ကြောင့် ကိုမြင့်ဆွေက သူကူညီမည်၊ မင်းဘယ်လောက် လိုသလဲ ပြောပါဟု ဆိုသောအခါ ထိုဂဏန်း၂လုံးပဲ ခေါင်းထဲရှိနေတာမို့ မရဲတရဲ အားနာပါးနာနှင့် ရှေ့မျက်နှာ နောက်ထားကာ နှုတ်ဖျားမှ ဂဏန်းတစ်လုံးကို အထစ်ထစ်အငေါ့ငေါ့ အသံထွက်လိုက်မိသည်။ “၃သိန်းလောက်ပါ အစ်ကို” ဟူလို။ သည်တော့ ကိုမြင့်ဆွေက “အေး အဲ့ဒီ၃သိန်း မင်းလက်ထဲကို အမြန်ရောက်ပြီသာ အောက်မေ့လိုက်တော့၊ ဘာမှ စိတ်ပူမနေနဲ့ ဟုတ်လား” ဟု ဆိုတော့မှ ရင်ထဲက အလုံးကြီး ကျသွားတော့၏။ သည်လိုနှင့် ကိုမြင့်ဆွေက လူထုတိုက် မမဒေါ်တင်ဝင်း၏ ဘဏ်စာအုပ်တွင် ငွေ၃သိန်းလွှဲထည့်ပေးကာ မမဒေါ်တင်ဝင်းကတဆင့် ကျွန်တော်ရရှိခဲ့သည်။ ကိုင်း.. ကိုအောင်မင်းနှင့် ကိုမြင့်ဆွေတို့ ၂ယောက်က ပေးသည့် ငွေ၆သိန်းဖြင့် မြေလေးတစ်ကွက် အမြန်ရှာကြစို့။

 

 

ထုံးစံအတိုင်း မြေရှာကြစို့ဆိုတော့ ကိုသန်းဦးပဲ အားကိုးရသည်။ သူ့မှာ ရွှေရောင်ဆိုင်ကယ်လေးရှိသည်။ သူ့အလုပ်ကလည်း စည်ပင် ရေပေးရေး ဌာန ဆိုတော့ မြို့ထဲမှာပဲ ဥဒဟို သွားလာနေရသည်။ မနက်လင်းတာနှင့် စိတ္တရမဟီ ၂၇လမ်းမှာနေသော ကိုသန်းဦးက ဆိုင်ကယ်လေးနှင့် ရဲသိပ္ပံတိုက်ခန်းသို့ ရောက်လာပြီး အောင်တော်မူက ဦးမျိုးခင်၏ ပိတောက်မင်းမှာ ဖွင့်ထားသော ဒိတ်ကဖေးမှာ ထိုင်၍ အပေါင်းအသင်းများနှင့် စကားစမြည်ပြောပြီး မြေရှာပုံတော် ဖွင့်ကြသည်။ ထိုစဉ်က ဒိတ်ကဖေးမှာ မန္တလေး၏ တစ်ဆစ်ချိုး လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှု၏ ပိုင်အိုးနီးယား ဖြစ်သည်။ မိသားစုနှင့်သာ ဖွင့်သည့် ဆိုင်ပုံစံမှ ဆိုင်ကျယ်ကျယ် အပြင်အဆင်ကောင်းကောင်း အစားအသောက် စုံစုံလင်လင် ကားပါကင် ကျယ်ကျယ်နှင့် ဖွင့်လှစ်သည်။ ဒိတ်ကဖေးမှာက ထန်းလုံး သစ်သားမြန်မာမှု လက်ရာများနှင့် ထန်းရိပ်ညို အမည်နှင့် ပန်းချီပြခန်းလည်း ဖွင့်လှစ်ထားသည်။

 

 

ထို့ကြောင့် ဒိတ်ကဖေးဝင်းအတွင်း ထန်းရိပ်ညို ပန်းချီပြခန်းဘေးက မန်ကျည်းပင်ကြီးများအရိပ်မှာ အရင်ကတည်းက ရှိနှင့်နေကြသော ကျွန်တော်တို့ စာရေးဆရာများအပြင် ပန်းချီဆရာများ ကာတွန်းဆရာများလည်း ရှိနေတတ်သည်။ မန္တလေးကသာမက ရန်ကုန်က နယ်က အစရှိသဖြင့် ရောက်လာသည့် အနုပညာသမားက ဒိတ်ကဖေးနှင့် ထန်းရိပ်ညိုမှာ ချိန်းကြချက်ကြ တွေ့ကြဆုံကြ စကားပြောကြသည်။ ကျွန်တော်တို့ကတော့ မနက်လင်းသည်နှင့် ရောက်ကြတာပေါ့။

 

 

 

စိတ်ကူးနှင့် နေကြည့်မိသောအခါ
———————————-
အိမ်ရှာ မြေရှာ ထွက်ကြတော့ ကျွန်တော်နှင့် ကိူသန်းဦးလည်း ဒိတ်ကဖေး ဝင်၍ စားသောက်ပြီး ကနဦးအနေနှင့် ရှာကြ၏။ တကယ်တော့ ကိုယ်မှန်းထားသည့် ၁၀သိန်းဆိုသည်မှာ ကိုယ့်အတွက်က ခက်ခဲလှသော်လည်း ထိုငွေတန်ဖိုးနှင့် မျှတသည့် မြေရှာရတာလည်း ခက်လှသည်။ စဉ်းစားရသည်မှာ ကိုယ့်အလုပ်က မြို့ထဲ သွားရပြန်ရမှာဆိုတော့ ဝေးလံခေါင်သီ လို့လည်း မဖြစ်။ ထို့ပြင် ကိုယ်ကသာ ဘာမှ မဟုတ်တာ ကျဉ်းကျဉ်းကျပ်ကျပ် စုတ်စုတ်ပြတ်ပြတ်နဲ့လည်း မနေနိုင်။ တစ်နေရာတွင် အသင့်တက်နေနိုင်မည့် နေရာလေးတွေ့ပါရဲ့။ မြေက ၃၀×၄၀မှာ သွပ်မိုး ထရံကာ ၂ထပ်လေး၊ မီးလည်း အသင့်ပါ၊ လက်လှုပ်ရေဘုံဘိုင်လေးလည်းပါ။ ဈေးက ၁၀သိန်း စွန်းပေမယ့် ဒိဒိဒဲဒဲ ဆိုလျှင် ၁၀သိန်းနှင့် ရနိုင်သည်။ ထန်းကိုးပင်ကျောင်းနားမို့ အဝေးကြီးဟု မဆိုသာ။ ကိုသန်းဦးကလည်းကြိုက်သည်။ ကျွန်တော်လည်း ကြိုက်သည်။

 

 

သို့သော် ဒီနားဝန်းကျင်မှာ ကိုယ့်အိမ်က အကောင်းဆုံး ဖြစ်နေ၏။ မနက်လင်းတာနှင့် သူတို့ အိမ်လေးတွေ အခန်းလေးတွေထဲက ထွက်လာကြပြီး ကိုယ့်အိမ်ရှေ့ လမ်းမတန်းကို ကလေးလူကြီး ရောက်လာကြမည်။ ထိုနေရာမှာပဲ တစ်နေကုန်နေကြမည်။ ဆော့ကြမည်၊ စကားပြောကြမည်၊ ရန်ဖြစ်ကြမည်၊ ဝေးဗန်းလေးချပြီး အချင်းချင်း ရောင်းကြ ဝယ်ကြမည်။ နောက်ဖေးနောက်ဖီ သွားချင်လျှင် ဘယ်ကလေးမှ သူတို့အိပြန်ကြမှာ မဟုတ်၊ လမ်းဘေးတွင်ပဲ ကိစ္စပြီး ကြမည်။ မအေတွေကလည်း သူတို့ချင်း တည့်နေလျှင် မီးရထားတွဲကြီးလို တစ်ယောက်ခေါင်း တစ်ယောက်ဖွ သန်းရှာရင်း ကမ္ဘာ့အရေး မြန်မာ့အရေးမှသည် ဟိုဘက်အိမ် သည်ဘက်အိမ် အတွင်းရေးထိ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး ပြောကြမည်။ သူတို့ချင်း မတည့်လျှင် မနက်လင်းတာနှင့် ထဘီစွန်တောင်ဆွဲပြီး တဘုတ်ဘုတ်ပုတ်ကာ နံနက်ချိန်ခါ တေးသံသာများကို မကြားဝံ့မနာသာ ကြားရမည်။ သည်နေရာကို စိတ်ကူးနှင့် နေကြည့်မိစဉ်ကပင် အဆင်မပြေတော့။

 

 

ကျွန်တော်နှင့် ကိုသန်းဦးတို့ အိမ်ရှာလိုက်ရသည်မှာ ၄ပြင်၄ရပ် စုံရော၊ ရွှေယဉ်မွန်ထဲဆို ၅နေရာလောက်အထိ ရှိသည်။ အားလုံးလိုလိုက တည့်လုတည့်ချင်မှချည်း ပျက်သွားကြသည်။ တစ်နေရာဆို တောင်ဘက်လှည့် ကြိုက်လှသည်။ စရံပေးခါနီးမှ အနောက်ဘက် ကပ်ရက်ဝင်းက အောက်စီဂျင်စက်ရုံတဲ့ ဆိုကာ ရပ်ကွက်က ဖျက်လို့ ပျက်ရသည်။ သူတို့က ပေါက်ကွဲရင် ဘယ့်နှယ်လုပ်မလဲတဲ့၊ ကိုယ့်မှာ မဆိုင်မှန်းသိလျက်နှင့် နောက်ဆုတ်ခဲ့ရ၏။ ယဉ်ပျံထဲလည်း ရောက်သည်။ ကျန်းမာရေးထဲလည်း ဥဒဟို။ ကုန်ကုန်ပြောကြစို့ဆိုလျှင် မြောက်ပြင် လမ်းသစ်က တိုက်ခန်းတွဲလည်း ရောက်သည်။ အနောက်ပြင် သီရိမန္တလာကွင်းအနောက်ဘက်က တိုက်ခန်းတွေလည်း ရောက်သည်။ ဘူတာကြီးနားက တိုက်ခန်းမှာ ရုံးဖွင့်ထားသော ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးထံ ဝင်တွေ့ပြီးလည်း သူပိုင် တိုက်ခန်းတစ်ခန်းကို အရစ်ကျ ရောင်းပေး ဖို့လည်း နားပူဖူးသည်။ ထို့ပြင်ထိုစဉ်စ ဆောက်လုပ်ပြီး အသစ် ဧရာထွန်းတိုက်ခန်းတွေဆီ အကြိမ်ကြိမ် ရောက်ပါဟေး၏။ ကျွန်တော်က သဘောကျသည်။ နေပူရွာထဲက ထိုတိုက်ခန်းများ ပွဲစားကလည်း ကျွန်တော်တို့လာတိုင်း လတ်လတ်ဆတ်ဆတ် ငါးကြော်နှင့် ထမင်းပူပူလေးကျွေးသည်။ ကျွန်တော်က တိုက်ခန်းကနေ လူထုအထိ စက်ဘီးစီး ရမည့် ကြာချိန်ကိုပင် တွက်ချက်ပြီးပြီ။ သို့သော် အပြန်နှင့် ညရေးညတာ အတွက် အဆင်မပြေနိုင်တာမို့ နောက်ဆုတ်ခဲ့ပါ၏။

 

 

 

အခုတော့ ၆၆လမ်းမကြီး ဝဲယာ
—————————————
ရင်းနှီးသော မိတ်ဆွေတစ်ဦးက ကျွန်တော် အိမ်ရှာနေသည်ကို ကြားတော့ လာခေါ်ပြီး မဟာမြိုင် ဥယျာဉ်တန်းထဲက အိမ်တွေပြသည်။ အိမ်ကြီးအိမ်ကောင်းတွေ အများသား၊ အားလုံးလိုလိုက ရောင်းကြမည်။ လူလည်းမနေ အစောင့်ပဲရှိသည်။ တစ်နေရာမှာဆို ၄၀×၆၀ အကွက်ထဲ တစ်ထပ်တိုက်လေး ဖြစ်သည်။ သူနှင့် မျက်စောင်းထိုးမှာက ပျဉ်ထောင် ၂ထပ်အိမ်ကြီး၊ သည် ၂နေရာလုံးက ၁၀သိန်းဝန်းကျင်နှင့် ရမည်။ မိတ်ဆွေက ဝယ်ဖို့တိုက်တွန်းသည်။ ထိုအိမ်၂လုံးကြားမှာတော့ အမှိုက်ပုံကြီး ဟည်းထနေ၏။ မိုးရေကြောင့် စိုစွတ်ကာ အမှိုက်ပုံက ရေဆိုးတချို့ကတော့ တစ်ထပ်တိုက် ဝင်းလေးထဲ အိုင်နေသည်။ သည်အဆောက်အဦတွေနှင့် သည်မြေ သည်ဈေးကတော့ တန်လှသည်။ ပြောစရာက အမှိုက်ပုံပဲ ဖြစ်သည်။ နည်းနည်းနောနောတော့ မဟုတ်၊ ဟိုတောင်အထိ တပြန့်တပြောကြီး။

 

မိတ်ဆွေကတော့ တပ်အပ်ပြောပါသည်။ သည်နေရာက လမ်းမကြီး ဖြစ်မှတဲ့။ ၃၅လမ်းဘေးက ငှက်ဖျားရုံးကို ဖြတ်ပြီး ဟိုတောင်အထိ လမ်းမကြီး ဖြစ်မျာတဲ့။ ၆၆လမ်းမတဲ့။ သူက ၆၆လမ်းမ ပေါက်မည့်ကိစ္စကို ၁၉၉၈ လောက်ကတည်းက သေချာပေါက်ပြောနေသည်။ ကျွန်တော်က ချီတုံ ချတုံ၊ သို့သော် ချက်ချင်းပြောင်းနေရမှာမို့ လမ်းမဖောက်မီကာလ သည်နေရာမှာ အမှိုက်ပုံဘေး နေဖို့က ခက်ခဲလှသည်။ နောက်တော့ မိတ်ဆွေပြောသော စကားကြောင့် အတူလိုက်ကြည့်သည့် ခင်သော်ဇင်က သည်နေရာကိုမကြိုက်ပါဟု ယတိပြတ် ဆုံးဖြတ်လိုက်လို့ မိတ်ဆွေကို အားနာစွာဖြင့် လင်မယား၂ယောက် စက်ဘီးလေးစီးကာ ပြန်ခဲ့ကြသည်။ မိတ်ဆွေက “ဆရာဆူး သည်နေရာတွေ ပိုင်ဆိုင်ခွင့် အရှုပ်အရှင်းရှိမှာမပူနဲ့ဗျ။ အားလုံးက ရွာနေပြည်ထိုင်တွေ၊ ပိုင်ရှင်တွေ ကိုယ်တိုင်ရောင်းမှာ။ သူတို့က မတ္တရာ ရေနံ့သာကို မဖြစ်မနေပြောင်းကြရလို့ အစောင့်ပဲ ထားခဲ့ပြီး ရတဲ့ဈေးနဲ့ ရောင်းကြတာ” တဲ့။

 

 

စီးပွားရေးလုပ်တတ်မှ လူနေဆိုင်ခန်းဝယ်ပါ။
————————————————–
သည်လိုနှင့် တိုက်ခန်းငှားရက်က စေ့ဖို့နီးလာပြီ။ ၂လခန့်ပဲ ကျန်တော့သည်။ မြေနေရာက မရသေးပေ။ သည်ကြားထဲ လက်ရှိနေသည့် တိုက်ခန်းပိုင်ရှင်က သူ့တိုက်ခန်းပဲ ဝယ်လိုက်ပါတဲ့။ ၁၀သိန်းတဲ့။ သည်တော့ မထူးပြီ၊ ဒါပဲ ဝယ်လိုက်မလားဟု တွေးကာ ပိုင်ရှင်ထံသွားပြီး မေးမြန်းတော့ ပိုင်ရှင် ပင်စင်စား ရဲအရာရှိက ရှင်းရှင်းပြတ်ပြတ်ပြောပြ၏။ ကြိုက်မှ ဝယ်ပါ။ ဒီတိုက်ခန်းတွေက မူလစာချုပ်ကတည်းက သက်ဆိုင်ရာ အစိုးရက မူဝါဒပြောင်းလဲ၍ ဖြစ်စေ၊ သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာန၏ ဝန်ကြီးနှင့် မူဝါဒ အပြောင်းအလဲကြောင့် ဖြစ်စေ၊ ချက်ချင်း ဖယ်ရှား ဖျက်သိမ်း တာမျိုး ရှိမယ်ဆိုတာ ပါသတဲ့။ ၁၀သိန်းနဲ့ဝယ်ပြီး နေရသလောက်မှာ ဒီနေရာ အခြေခံပြီး စီးပွားရေးလုပ်ပါ၊ အရောင်းအဝယ်လုပ်ပါ။ ၁၀သိန်းမက မြတ်စွန်းနိုင်တဲ့ စီးပွားရေးရှိမှ ဝယ်ပါတဲ့။ သူက ရှင်းသည်။ ညာမရောင်း။ သည်တော့ မဝယ်ရဲဘူးပေါ့။ ထု့ိကြောင့် ကိုသန်းဦးရေ ထပ်ရှာကြဦးစို့ပေါ့။ ထို့ကြောင့် တစ်မနက်တွင် ဒိတ်ကဖေးမှာ ထိုင်ရင်း ဘယ်အခြမ်းထပ်ရှာရမလဲဆိုတာ ကိုသန်းဦးနှင့် တိုင်ပင်ကြသည်။

 

 

ထိုသို့ တိုင်ပင်နေစဉ် ဒိတ်ကဖေးထဲ မြစ်ကြီးနား ဥတ္တရလမင်းစာအုပ်တိုက်က ဦးသန်းဆွေနှင့် သူ့ညီ ကိုတင့်တို့ ဝင်လာကြ၏။ ဦးသန်းဆွေက ကျွန်တော့်ကို မြင်သည်နှင့် “ကိုဆူး၊ ရေနံ့သာ လိုက်မသွားဘူးလားဗျ၊ ကျွန်တော်မြို့ထဲ ကိုသန်းဌေးဆိုင်ဖက် ရောက်တော့ မန္တလေးကဆရာတွေ ရေနံ့သာမှာ သတင်းစာရှင်းလင်းပွဲရှိလို့ ကားကြီးနဲ့ တစ်စင်း လိုက်သွားကြတယ်ကြားတာ။ ကိုဆူးက မလိုက်တာလား” ဟု မေးသောကြောင့် ကျွန်တော်က တိုက်ခန်းအငှားရက် စေ့လုနီးသောကြောင့် မြေနေရာရှာနေလို့ မလိုက်ဖြစ်ပုံ ရှင်းပြဖြစ်သည်။ ဦးသန်းဆွေက အခု ရဲသိပ္ပံတိုက်ခန်းမှာပဲပေါ့ဟု ပြောပြီး စာအကြောင်း ပေအကြောင်း ပြောဖြစ်ကြသည်။ သူတို့နှင့် လူစုခွပြီး ယဉ်ပျံထဲက အိမ်တစ်အိမ်ဝင်ကြည့်တော့ မဆိုး၊ တစ်ထပ်အိမ်မှာ ခြံလေး ဝင်းလေးနှင့် သပ်သပ်ရပ်ရပ်လေး။ သို့သော် အိမ်ထဲ ဝင်သည့်လမ်း ပေ၂၀လောက်က လူ၂ယောက်ပင် ကောင်းကောင်းရှောင်မရ။ အဝင်အထွက်မကောင်းလှ။ သည်တော့လည်း အိမ်နှင့် မြေလေး သဘောကျသော်လည်း နောက်ဆုတ် ခဲ့ရပြန်၏။ ဟူး.. မလွယ်ပါလားနော်။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW