မကွေးတိုင်းအတွင်း လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုကြောင့် ၁၆ ယောက် သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရ

စက်တင်ဘာ ၁၅ – ၂၀၂၆
SN (VOM)
မကွေးတိုင်းအတွင်းက မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ၁၀ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်း ကျရောက်မှုတွေကြောင့် ၁၆ ယောက် သေဆုံးကာ ၁၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းတုန်းမြို့နယ်၊ ဇွန်းကျကျေးရွာမှာ စက်တင်ဘာ ၁၃ ရက်၊ ညနေ ၄ နာရီ၊ မိနစ် ၄၀ ဝန်းကျင်က စက်တပ်လေထီးနဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာမှာ ခြောက်ယောက် သေဆုံးကာ ငါးယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
“စက်တပ်လေထီး သုံးစီးလာသွားတာ။ ငါးယောက်လုံး နေရာမှာတင်သေတာပါ။ ဒီရွာမှာ လေကြောင်း တိုက်ခိုက်မှုဖြစ်တာ ဒါ ပထမဆုံးအကြိမ်ပဲ။ ရွာက ရိုးမတောင်ခြေမှာရှိတာ။ အိမ်ခြေလည်း အရမ်းနည်းတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဇွန်းကျကျေးရွာဟာ ရွှေတောင်မောင်နှမလို့ခေါ်တဲ့ ရွှေတောင်ကြီး၊ ရွှေတောင်လေးရဲ့ အရှေ့ဘက် တောင်ခြေအနီးမှာ တည်ရှိပြီး အိမ်ခြေ ၂၅ အိမ်ခန့်သာရှိကာ မြန်မာ့သစ်လုပ်ငန်း ဆင်လုပ်သားတွေ သီးသန့် နေထိုင်ကြတဲ့ ကျေးရွာတရွာလို့ ဆိုပါတယ်။
လက်ရှိမှာ မင်းတုန်းမြို့နယ် (အနောက်ခြမ်း)၊ ရခိုင်ရိုးမပေါ်ရှိ လမ်းတွေမှာ အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေကြား တိုက်ပွဲတွေ နေ့စဉ်နီးပါး ပြင်းထန်နေပြီး အစိုးရတပ်က ရိုးမတောင်ခြေအနီးမှာရှိတဲ့ ကျေးရွာတွေကနေတဆင့် စစ်ကြောင်းတွေ ဖြန့်ကျက်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့ကလည်း မင်းတုန်းမြို့နယ်အတွင်းက မယ်ဇလီကျေးရွာထိပ် တံတားအနီးမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့ပြီး တယောက် သေဆုံးကာ တယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကလည်း ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့၊ ပေါက်တောရွာမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့ပြီး လေးယောက် သေဆုံးခဲ့သလို ဆိပ်ဖြူမြို့နယ်၊ ဆူးပုတ်ကုန်းကျေးရွာမှာလည်း ဒရုန်းကျရောက်မှုကြောင့် တယောက် သေဆုံးကာ နှစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အဲဒီ စက်တင်ဘာ ၄ ရက်နေ့မှာပဲ ပခုက္ကူမြို့နယ်ထဲက ပေါက်တောနဲ့ အိုင်ကြီးကျေးရွာမှာ စက်တပ်လေထီးနဲ့ တိုက်ခိုက်ခံရမှုကြောင့် လေးယောက် သေဆုံးပြီး လေးယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

VOM News

FREE
VIEW