ပင်လည်ဘူး ကင်းပန်းအုပ်ချုပ်ရေးမှူး ၊မိုးသောက်ကြယ် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အဖွဲ့ ဥက္ကဋ္ဌ၊ သေနတ်သမားတွေရဲ့ လုပ်ကြံမှုကြောင့် သေဆုံး

သြဂုတ် ၊ ၂ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ပင်လည်ဘူးမြို့နယ် ၊ တောင်ဖီရွာအနီးမှာ မိုးသောက်ကြယ် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့ ဥက္ကဌ လည်းဖြစ် ၊ ကင်းပန်းကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူးလည်းဖြစ်သူဟာ သေနတ်သမားတွေရဲ့ လုပ်ကြံ ပစ်ခတ်မှုကြောင့် သေဆုံးသွားတယ်လို့ ပင်လည်ဘူးမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
ကင်းပန်းရွာခံ တယောက်က ” တောင်ဖီရွာအနီးက တံတားကို ပြင်နေတဲ့အချိန် သေနတ်သမား လူ ၈ ယောက်က ဆိုင်ကယ် ၄ စီးနဲ့ ရောက်လာပြီး အုပ်ကြီး ဦးခင်ဇော်ဝင်းကိုယ် သေနတ်နဲ့ ၄ ချက် ပစ်ခတ် လုပ်ကြံခဲ့တာပါ ၊ ကျည်ဆံဖောက်ဝင်ဒဏ်ရာတွေနဲ အဲ့ဒီနေရာမှာတင် အုပ်ကြီး အသက်ကုန်သွားတယ် ၊ တမြန်မနေ့ ဇူလိုင် ၃၁ ရက် ညနေပိုင်း ၃ နာရီဝန်းကျင်က ဖြစ်ခဲ့တာပါ ” လို့ပြောပါတယ်။
 
မိုးသောက်ကြယ် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့ဟာ ကောလင်း ၊ ပင်လည်ဘူး ၊ ဗန်းမောက် ၊ ဖောင်းပြင် ၊ ဟုမ္မလင်း စတဲ့ မြို့နယ်တွေထဲက မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား သယ်ဆောင်ရောင်းချ သုံးစွဲသူတွေကို ဖော်ထုတ်ဖမ်းဆီးရာမှာ လက်သံပြောင်မြောက်တဲ့ အဖွဲ့တခုဖြစ်တယ်လို့ နယ်ခံတွေရဲ့ ဝေဖန်ထောက်ပြချက်အရ သိရပါတယ် ။
 
” သေဆုံးသူ အုပ်ကြီး ဦးခင်ဇော်ဝင်း အသက် ၄၅ နှစ်ဟာ မူးယစ်ကိစ္စတွေမှာ ဖမ်းဆီးဖို့ တက်ကြွတယ် ၊ မူးယစ်ဆေးဝါး ဖမ်းဆီးရေး ကိစ္စနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်းဒေသကြီး အရင် အစိုးရ အဖွဲ့က ပေးတဲ့ ၂၀၁၉ / ၂၀၂၀ ဇေယျာလူမှုထူးချွန်ဆု ရရှိထားသူလဲဖြစ်တယ် ၊ ကျေးလက် ဖွံ့ဖြိုးရေးအတွက်လဲ ဦးဆောင်လုပ်တယ် ၊ သူက အုပ်စု အုပ်ချုပ်ရေးမှူးဖြစ်တယ် ၊ ဘယ်အဖွဲ့စည်းက အခုလို လုပ်ကြံ ပစ်ခတ်သွားတယ်ဆိုတာ အမှုဖွင့် စစ်ဆေးသွားမှာဖြစ်တယ်
” လို့ VOM ရဲ့ ဆက်သွယ်မေးမြန်းချက်ကို ပင်လည်ဘူး မြို့နယ်ရဲတပ်ဖွဲ့ရုံးက ဖြေကြားပြောဆိုပါတယ်။
 
ဒါ့အပြင် သေဆုံးသူ အုပ်ကြီး ဦးခင်ဇော်ဝင်းဟာ သေဆုံးချိန်အထိ တောင်ဖီရွာမှာ မိသားစုနဲ့အတူ နေထိုင်လျက်ရှိပြီး ဇနီးဖြစ်သူနဲ့အတူ သားသမီး ၂ ယောက် ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #vom #ပင်လည်ဘူး

Related posts

Leave a Comment

VOM News

FREE
VIEW