ကနီနယ် တောထဲမှာတွေ့ရတဲ့ ရုပ်အလောင်းတွေထဲမှာ CDM ဝန်ထမ်းတချို့ပါနေတယ်လို့ နယ်ခံတွေယူဆထား

သြဂုတ် ၊ ၅ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ၊ ကနီမြို့နယ် ၊ တောင်ပေါက်ရွာနဲ့ ယင်းမာပင်မြို့နယ် တရော်ကျင်းကျေးရွာ အနီးဝန်းကျင် တောထဲနေရာတွေမှာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက တွေ့ရတယ်ဆိုတဲ့ ရုပ်အလောင်းတွေထဲမှာ CDM ရဲတချို့ပါဝင်နေတယ်လို့ အဲ့ဒီနယ်ခံတွေက ယူဆထားကြတယ်လို့ သူတို့ရဲ့ ပြောပြချက်အရ သိရပါတယ်။

” တစ်ရက်ကို ဖုန်း သုံး၊လေးကြိမ် ဆက်နေကြလေ ၊ ဇူလိုင် ၂၅ ရက်ကစလို့ အကြောင်းမဲ့အဆက်အသွယ်ပြတ်သွားတယ် ၊ ၂၆ ရက်ကနေ ၂၉ ရက်အထိ တောထဲမှာ ဟိုနေရာတွေ့ ဒီနေရာတွေ့နဲ့ အလောင်းတွေ တွေ့ရတယ်လို့ အသိမိတ်ဆွေတစ်ယောက်က ဖုန်းဆက်ပြောတယ် ၊ သူသေသွားပြီဆိုတာ အတည်ပြုလို့ရတယ် ၊အဆက်အသွယ် လုံးဝမရတာ ၁၀ ရက်ကျော်သွားပြီ၊ ဘာကြောင့် ပြောနိုင်တာလဲဆိုရင် သူက ဘယ်လိုအခက်အခဲရှိရှိ ဖုန်းအဆက်အသွယ် မပြတ်ဖို့ သူကြိုးစားမယ် အကယ်လို့ ၇ ရက်ကျော် အဆက်အသွယ်ပြတ်ရင် သေပြီလို့မှတ်ပါဆိုပြီး မှာထားတာရှိတယ် “လို့ တောထဲမှာ တိမ်းရှောင်ပုန်းခိုနေရတဲ့ CDM ရဲဝန်ထမ်းရဲ့ မိသားစုဝင်တစ်ယောက်က ပြောပါတယ် ။

ကနီ ၊ မင်းကင်း ၊ ယင်းမာပင် နယ်ဘက်က တောတွေထဲမှာ မုံရွာ ၊ ချောင်းဦး ၊ ဘုတလင် စတဲ့ မြို့နယ်တွေက CDM ဝန်ထမ်းတချို့နဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတချို့ တိမ်းရှောင် ပုန်းခိုနေကြတာဖြစ်ပြီး သူတို့ မိသားစုတွေနဲ့ အဆက်သွယ်ပြတ်တောက်သွားတာ ၁၀ ရက်ကျော်ရှိနေတဲ့အတွက် သူတို့ မိသားစုတွေက တိမ်းရှောင် ပုန်းခိုနေသူတွေ သေဆုံးသွားကြပြီလို့ မှတ်ယူထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးအပတ်ထဲမှာ ယင်းမာပင် – ချောင်းမ – ကနီ ကားလမ်း ၊ မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းနဲ့ တရော်ကျင်း – ကပိုင် – အလောင်းတော် ကဿပ ကားလမ်းအနီးက တောထဲနေရာတချို့မှာ သေဆုံးပျက်စီးစပြုနေတဲ့ ရုပ်အလောင်း ၁ ဒါဇင်ကျော်ကို အဲ့ဒီ နယ်ဘက်က ဒေသခံတွေက တွေ့ရှိထားတာ ဖြစ်တယ်လို့ သိရပါတယ်။

” တချို့ မြေမြုပ်ထားတယ် ၊ တချို့က မီးရှို့ထားတာရှိတယ် ၊ တချို့ကျတော့ ဒီအတိုင်းတွေ့ရတယ် ၊ တွေ့ရတဲ့ ရုပ်အလောင်းတွေက ရုပ်မပီတော့ဘူး ပျက်စီးနေပြီ “လို့ ကနီမြို့နယ် မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းဘက်မှာနေတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ် ။

ဒါ့အပြင် အဲ့ဒီ ဒေသခံ ဆက်ပြောတာက ” တွေ့ရတဲ့ အလောင်းတွေထဲမှာ မုံရွာ အမှတ် ၁ ရဲစခန်းက CDM ရဲနဲ့ အတူ ရဲ သုံးလေးယောက် ပါတယ်လို့ သူတို့ကိုသိတဲ့သူတွေက ပြောတယ် ” လို့ ဖြစ်ပါတယ်။

အဲ့ဒီ နယ်ဘက်တွေက ဒေသခံတွေ တွေ့ရှိရတယ်ဆိုတဲ့ ရုပ်အလောင်းတွေနဲ့ ပတ်သက်ပြီး ဘာကြောင့်သေဆုံးရတယ် ၊ ဘယ်သူတွေကြောင့် သေဆုံးရတယ်ဆိုတာကို VOM က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

” တိုင်းထဲက နေရာအနှံ့ နယ်မြေရှင်းလင်းရေး လုပ်နေတာတော့ရှိတယ် ၊ ထိခိုက်ဆုံးရှုံးမှု အသက်သာဆုံးဖြစ်အောင် လုပ်ကိုင်နေတာဖြစ်တယ် ၊ လူသေဆုံးတာရှိရင် ဥပဒေအရ သေမှုသေခင်း ဖွင့်ပြီး မှတ်တမ်းတင် စစ်ဆေးတယ် ၊ အလောင်းတွေ့တယ်ဆိုရင် ဘယ်သူမဆို ဥပဒေအရ သက်ဆိုင်ရာ ရဲစခန်းကို ဆက်သွယ်အကြောင်းကြားရတယ် ၊ ကနီနယ်ဘက်က အလောင်တွေ့တယ်ဆိုတာ အွန်လိုင်းပေါ်မှာပဲ တွေ့နေကြတာ ဘယ်သူကမှ ဥပဒေနဲ့အညီ ဆက်သွယ်အကြောင်းကြားတာ မရှိဘူး ၊ ဖြစ်နိုင်ချေမရှိဘူး ” လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ နီးစပ်သူတစ်ယောက်က VOM ရဲ့ ဆက်သွယ်မေးမြန်းမှုကို အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက ပုလဲ ၊ ယင်းမာပင် ၊ ကနီ ၊ မုံရွာဘက်က အသုံးပြုနေတဲ့ အင်တာနက် လူမှုကွန်ယက် စာမျက်နှာတွေမှာ ကနီမြို့နယ် တောထဲက နေရာတချို့မှာ လူအစုလိုက် အပုံလိုက် သေဆုံးနေတဲ့ ရုပ်အလောင်းတွေ တွေ့ခဲ့ရတယ်လို့ ရေးသား ဖော်ပြကြတာကိုလည်း တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၅ လအတွင်းက မုံရွာမြို့မရဲစခန်း ၊ မုံရွာ ယာဥ်ထိန်း နဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဘက်မှာ လုံခြုံရေးတာဝန်ကျ နေတဲ့ ရဲဝန်ထမ်းတချို့ CDM မှာဝင်ပြီး ပျောက်ဆုံးနေတာတွေရှိတယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

#voiceofmyanmar #VOM #ကနီ

Related posts

Leave a Comment

VOM News

FREE
VIEW