ယူနန်ပြည်နယ်မှာ မြန်မာပြန် တရုတ် ၃၀၀ ကျော်နဲ့ မြန်မာနိုင်ငံသား ၅၀ ကျော်မှာ ကိုဗစ်ပိုးတွေ့

ဩဂုတ် ၆ -၂၀၂၁
Shy V
 
တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ COVID-19 တတိယလှိုင်းကာလအတွင်း မြန်မာနိုင်ငံက ပြန်လာတဲ့ တရုတ်နိုင်ငံသား ၃၀၀ ကျော်နဲ့ မြန်မာနိုင်ငံသား ၅၀ ကျော်မှာ ကိုဗစ်ပိုးတွေ့ရှိကြောင်း ယူနန် ကျန်းမာရေးဌာနရဲ့သတင်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
 
ယူနန်ပြည်နယ်မှာ ဇူလိုင်လ ၁ ရက်နေ့ကနေ ဩဂုတ်လ ၅ ရက်နေ့အထိ မြန်မာပြန် တရုတ်နိုင်ငံသား ၃၂၂ ဦး မှာပိုးတွေ့ရှိခဲ့ပြီး ဇွန်လက မြန်မာပြန် တရုတ်နိုင်ငံသား ၆၁ ဦးမှာ ပိုးတွေ့ခဲ့ကာ စုစုပေါင်း မြန်မာပြန် တရုတ် ၃၈၃ ဦး ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ယူနန်ပြည်နယ် ကျန်းမာရေးဌာနက ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
 
ဇူလိုင်လ ၄ ရက်နေ့ကစ ဩဂုတ်လ ၅ ရက်နေ့အထိ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်ခရိုင်မှာ ၃ နှစ်အရွယ် ကလေးအပါအဝင် မြန်မာနိုင်ငံသား ၅၃ ဦး ကိုဗစ်ပိုးကူးစက်ခံခဲ့ရပြီး လုံချွမ်ခရိုင်မှာတော့ ၁ နှစ်အရွယ် ကလေး အပါအဝင် မြန်မာနိုင်ငံသား ၃ ဦး ပိုးတွေ့ခဲ့ကာ စုစုပေါင်း မြန်မာနိုင်ငံသား ပိုးတွေ့လူနာ ၅၆ ဦး ရှိကြောင်း သိရပါတယ်။
 
ယူနန်ပြည်အတွင်းမှာ အခုလက်ရှိ ဩဂုတ်လ ၅ ရက်နေ့ည ၁၂ ထိ ကုသမှုခံယူနေတဲ့ ပိုးတွေ့လူနာ ပြည်နယ်အတွင်း ကူးစက်ခံရသူ ၅၇ ဦး၊ ပြည်ပကနေ ကူးစက်လာသူ ၃၂၀ ဦး စုစုပေါင်း ၃၇၇ ဦး ရှိပြီး လက္ခဏာမပြဘဲ ကူးစက်ခံရတဲ့လူနာ ပြည်နယ်တွင်းက ၁ ဦး၊ ပြည်ပက ကူးစက်လာသူ ၂၆ ဦး၊ စုစုပေါင်း ၂၇ ဦးရှိကာ လက်ရှိ ကုသမှု ခံယူနေသူ အားလုံး ၄၀၄ ဦး ရှိပါတယ်။
 
ဩဂုတ်လ ၆ ရက်နေ့ကစ ရွှေလီ မုံမောက်နယ်၊ လုံဟန်ရွာ ၁ နှင့် ၂ ရပ်ကွက်၊ ကျင်းခန်းရွာ ဧရိယာ၊ တုံနန်ယား ကွန်ဒိုအိမ်ယာ ဧရိယာ၊ မုံလုံးရှားဧရိယာ အနောက်ဘက် (အရှေ့ဘက်က စပြီး တွမ်ကျဲ့တာကုံး၊ အနောက်ဘက် စွမ်းဟုန်းလု၊ တောင်ဘက်စွမ်းတင်းလု၊ မြောက်ဘက် စွမ်းတန်းလု) စတဲ့ နေရာတွေကို ကူးစက်မှု အလယ်ဇုန်အဖြစ်သတ်မှတ်ထားပြီး ရွှေလီ လုံတောက်နယ် လွေးရင်းရွာကိုတော့ ကူးစက်မှု အနိမ့်ဆုံးဇုန်အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။
 
ရွှေလီမြို့ကို ဇူလိုင်လ ၂၅ ရက်နေ့ တရုတ်အချိန် နေ့လည် ၁၂ နာရီက Lockdown အကန့်အသတ်နဲ့ ဖြေလျှော့ထားပေမယ့် ဩဂုတ်လ ၃ ရက်နေ့ တရုတ်အချိန် မွန်းလွဲ ၂ နာရီမှာ Lockdown ပြန်လည် သတ်မှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
 
Photo – ချမ်းမြေ့
#voiceofmyanmar #VOM #ယူနန်ပြည်နယ်

Related posts

Leave a Comment

VOM News

FREE
VIEW