ဘုတလင်မြို့ပေါ်က အဆောက်အဦးနဲ့ နေရာတချို့ ပေါက်ကွဲမှုတွေဖြစ်ပြီး လူ ၁ ဦး ဒဏ်ရာရ

သြဂုတ် ၊ ၁၁ – ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့ပေါ်မှာရှိတဲ့ အရေးကြီး အဆောက်အဦးနဲ့ နေရာတချို့မှာ ဒီကနေ့ မနက် ၉ နာရီဝန်းကျင်က ပေါက်ကွဲမှု ၂ ကြိမ် ဆက်တိုက်ဖြစ်ခဲ့ပြီး လူ ၁ ဦး ဒဏ်ရာရထားတယ်လို့ ဘုတလင်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။
 
” ဒီမနက် ၈ နာရီထိုးပြီးတော့ ဆက်သွယ်ရေးရုံး (MPT) ဘက်မှာ အရင်ပေါက်ကွဲတယ် ၊ အဲ့ဒီနောက် မိနစ်အနည်းငယ်ခြားပြီး ရဲစခန်းဘက်မှာ ဆက်ပေါက်တယ် ” လို့ ဘုတလင်မြို့ခံတစ်ယောက်က ပြောပါတယ် ။
 
ဒီမနက် ၈ နာရီ ၇ မိနစ်အချိန်မှာ ဘုတလင်မြို့၊ မြဝတီရပ်ကွက်၊ ဘုတလင်-ကနီကားလမ်းအနီးက မြန်မာ့ဆက်သွယ်ရေးရုံးမှာ ဗုံးပေါက်ကွဲမှု စတင်ဖြစ်ပွားခဲ့ပြီးနောက် မိနစ်အနည်းငယ်ခြားပြီး ၈ နာရီ ၁၀ မိနစ်အချိန်မှာတော့ ဘုတလင်မြို့မရဲစခန်းရဲ့ တောင်ဘက်ခြံစည်းရိုးအနီး ကားလမ်းဘေးမှာ ထပ်မံပြီး ဒုတိယအကြိမ် ပေါက်ကွဲခဲ့တာဖြစ်ပါတယ် ။
 
” ရဲစခန်းနားပေါက်တဲ့ ဗုံးဟာ စျေးဝယ်ပြန်လာတဲ့ အသက် ၅၈ နှစ်အရွယ် အဖွား ၁ ယောက်ကို ထိမှန်ပြီး ဒဏ်ရာရထားတယ် ” လို့ ကျန်းမာရေးဌာနဝန်ထမ်း တစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီ ပေါက်ကွဲမှုဖြစ်စဥ် ၂ ကြိမ်နဲ့ ပက်သက်ပြီး စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ရုံး တာဝန်ကျ ရဲဝန်ထမ်းတစ်ယောက်က ” ပေါက်ကွဲဒဏ်ရာရတာက ၁ ယောက်မဟုတ်ဘူး ၊ ၂ ယောက်ဖြစ်တယ် ၊ ၁ ယောက်က စျေးဝယ်ပြန်လာတဲ့ အမျိုးသမီး ၊ ကျန်နောက် ၁ ယောက်က အဲ့ဒီမိုင်းကို လာပြီး ဖောက်ခွဲတဲ့သူဖြစ်တယ် ၊ ထိခိုက်ပျက်စီးမှု အနဲငယ်မျှလောက်ပဲရှိတာ “လို့ VOM ရဲ့ ဆက်သွယ်မေးမြန်းတာကို အဲ့ဒီလို ဖြေကြားပြောဆိုပါတယ် ။
 
ဘုတလင်မြို့ပေါ်မှာ ဒီမနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး သံသယရှိသူ အသက် ၂၉ နှစ်အရွယ် အမျိုးသား ၁ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့လည်း သိရပါတယ်။
 
ဒါ့အပြင် ဩဂုတ်လ ၁ ရက်နေ့ နေ့လယ်ပိုင်းက ဘုတလင်မြို့နယ်၊ တွင်းတော်ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ နေအိမ်ကို အမည်မသိလူတစ်စုက ဗုံး ၅ လုံးနဲ့ ဆက်တိုက် ပစ်ပေါက် ဖောက်ခွဲပြီးနောက် သေနတ်နဲ့ အချက် ၂၀ ပစ်ခတ်ခဲ့တဲ့အတွက် ရွာအုပ်ချုပ်ရေးမှူးနဲ့ ကျောင်းအုပ်ဆရာမ တစ်​ယောက် သေဆုံးခဲ့ပြီး လူ ၁ ယောက် ဒဏ်ရာရတဲ့ ဖြစ်စဥ် ပေါ်ပေါက်ခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ဘုတလင

Related posts

Leave a Comment

VOM News

FREE
VIEW